သတင်း

မင်းတပ်တိုက်ပွဲ စစ်အုပ်စုအထိနာပြီး စစ်ကြောင်းတချို့ပြန်ဆုတ်၊မင်းတပ်နယ်ကို နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၄၀ ကျူးလွန်ထား၊

ဒံယေလ/MFP၊ ဇွန်-၂၄

ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတပ်တွေအကြား သုံးပတ်နီးပါး တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့နယ်မှာ စစ်အုပ်စုဘက်က အထိနာပြီး သေဆုံးမှုတွေ များနေတာကြောင့် စစ်ကြောင်းတချို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေဟာ မေ(၁၆) ရက်နေ့က စတင်ကာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့တွေကို အင်အား (၁၀၀၀)ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ကန်ပက်လက်မြို့နယ်မှာတော့ စစ်အုပ်စု အင်အား (၂၅၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့ တစ်လကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ မင်းတပ်မြို့နယ်မှာတော့ အင်အား (၈၀၀) ကျော်နဲ့ စစ်ကြောင်းထိုးနေကာ သုံးပတ်တာနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မင်းတပ်နယ်မှာ ဖြစ်ပွားနေတဲ့ သုံးပတ်တာ တိုက်ပွဲတွေ အတွင်းမှာတော့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိပြီး ဇွန် (၁၉)ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုတည်းကပဲ လက်နက်ကိုးလက်၊ RPG တစ်လက် ၊စစ်အုပ်စုအလောင်းတစ်လောင်းထပ်မံ ရရှိထားတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) -မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။

“အလောင်းတွေ အများအပြားရထားတာ ဟုတ်တယ်။စစ်တပ်က မင်းတပ်ဂေါက်ကွင်းထိထိုးလာတာ ၊ဝမ္မတူးမောင်ပန်းခြံအထိ၊ ကိုယ်ဘက်က တန့်ပြန်ထိုးစစ်ဆင်လိုက်တော့ အလောင်းတစ်လောင်း ။လက်နက်ကိုးလက် ။အာပီဂျီတစ်လက် ရတယ်”လို့ သူကပြောပါတယ်။

ဒီလိုအထိနာပြီး သေဆုံးမှုများပြားနေချိန်မှာ စစ်အုပ်စုတပ်တွေက မင်းတပ်မြို့ ဂေါက်ကွင်းနဲ့ ဝမ္မတူးပန်းခြံကနေ ထင်ချောင်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီလို မင်းတပ်နယ်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်အုပ်စုဟာ မင်းတပ်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါး ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်‌ကနေ ဇွန်လ ၂၂ ရက်အထိ နှစ်လတာအတွင်း မင်းတပ်မြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၄၀ ရှိခဲ့ပြီး တစ်ရက်တည်းမှာ ဗုံးကြဲမှု ၉၁ ကြိမ်ရှိတဲ့ နေ့တွေတောင်ရှိတယ်လို့ ချင်းလူ့အခွင့်အရးအဖွဲ့ – CHRO က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုဗုံးကြဲတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်တွေက တိုက်ပွဲဖြစ်ပွားရာ နေရာတင်မဟုတ်ဘဲ အရပ်သား နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး Y – 12 လေယာဉ်ကို အများဆုံး အသုံးပြုထားတယ်လို့လည်း CHRO ကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်နေ့ ညပိုင်းကလည်း မင်းတပ်နဲ့ ကန်ပက်လက်အစပ် ကျောက်တောင်ရွာအနီးက စစ်ရှောင်တဲကို ဗုံးကြဲခဲ့တာကြောင့် အသက်(၂) နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရခဲ့ပါတယ်။အလားတူ ဇွန် (၁၉)ရက်နေ့မှာလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီလို လေကြောင်းဗုံးကြဲတာတွေအပြင် ဇွန်(၃)ရက်နေ့မှာ မင်းတပ်မြို့နယ် ထင်ချောင်းရွာက စစ်ရှောင်အဘိုးအိုတစ်ဦးနဲ့ ဆယ်တန်းကျောင်းသားတစ်ဦးကို မြေပြင်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားခဲ့သေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေသလို ပလက်ဝနဲ့ မတူပီမြို့နယ်တွေမှာလည်း မေလအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရီးသွားပြည်သူ အမျိူးသားတစ်ဦးနဲ့ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ မကွေးတိုင်း အခြေစိုက် အမြောက်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့ တွေမှာ လူ၊လက်နက် ၊ရိက္ခာဖြည့်တင်းကာ ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့ပြီး အခုအချိန်မှာတော့ အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုတပ်တွေဟာ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ပြန်လည်ထိန်းချုပ်ထားပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်နယ်တောင်ပိုင်းမှာလည်း ရခိုင်-မကွေး-ချင်း ကုန်သွယ်ရေးလမ်းမကြီးတည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊တွန်းဇံမြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဇွန်လအတွင်း စစ်အုပ်စု ရက်ဆက်ဗုံးကြဲလို့ ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ်တွေ / ဓာတ်ပုံ- မင်းတပ်ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

မင်းတပ် #စစ်ကြောင်းပြန်ဆုတ် #စစ်အုပ်စုအထိနာ #ဗုံးကြဲ

Related Articles

Back to top button