
လှိုင်း / MFP၊ ဇွန် – ၂၈
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့နယ်၊ လောင်းရှည်မြို့နယ်ခွဲရှိ နတ်ကောင်းကျင်းနဲ့ ရင်းကဲကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်၊ လောင်းရှည်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာတွေကို ဇွန် ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်အုပ်စုက နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စင်းက အကြောင်းမဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကနဦး သိရတာတော့ သေဆုံးတာကတော့ ကလေးလေးတစ်ယောက်အပါ သုံးဦးပါ။ ထိခိုက်တဲ့ ကိုးဦး ထဲမှာလည်း ခြေတွေ၊ လက်တွေ ပြတ်တာတွေ ရှိတယ်လို့ သိရတယ်။ အသက်အန္တရယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိနေပါတယ်။ တခြားလည်း ပျက်စီးဆုံးရှုံးတာတွေလည်း ရှိတယ်။ အိမ်တွေ ပျက်စီးတာ ရှိတယ်” လို့ မြေပြင်အခြေအနေသိရှိတဲ့ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးတဲ့ ပြည်သူတွေထဲ အသက် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး ပါဝင်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ရွာသူရွာသားတွေဖြစ်ကာ ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လာရောက် ဗုံးကြဲသတ်ဖြတ်တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ချင်းနဲ့ မကွေးအစပ် တိုက်ပွဲဖြစ်ပွားနေတာကို အကြောင်းပြပြီး ယောဒေသတွင်းရှိ အရပ်သားပြည်သူကို မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
မေ ၂၈ ရက် ညပိုင်းကလည်း ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အနီးရှိ လယ်ဆောကျေးရွာ ဝန်းကျင်ကို တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးပတ်ကြဲခဲ့ရာ အရပ်သားပြည်သူပိုင် ကားသုံးစီးနဲ့ ဆီပေပါအလုံး ၂၀ ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ သီးကုန်း – လောင်းရှည် လမ်းပိုင်း၊ ပိန်းချောင်း – လောင်းရှည် လမ်းပိုင်း၊ အင်ဘူး – လောင်းရှည် လမ်းပိုင်းတွေကို ဇွန် ၂၅ ရက်က စပြီး သွားလာတာ ရှောင်ကြဉ်ပေးကြဖို့နဲ့ စစ်အုပ်စုစခန်းတွေ အနီးအနားမှာရှိတဲ့ အဆောက်အဦတွေမှာ နေထိုင်တာ၊ စစ်အုပ်စုနဲ့ အတူတကွ နီးကပ်စွာ နေထိုင်တာတွေ မပြုလုပ်ကြဖို့ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၆ က ဇွန် ၂၄ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ စပြီး လောင်းရှည်နဲ့ ပေါက်မြို့နယ်ဘက်ကနေ တဆင့် ယောဒေသတောင်ပိုင်းမှာရှိတဲ့ ဆောမြို့နယ်နဲ့ ချင်းပြည်ဘက်ကို အင်အား အများအပြားနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မေလကတည်းက ယောဒေသထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဆောနယ်၊ တပြင်းကျေးရွာထဲ စီးနင်းအထိုင်ချကာ ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံပြည်သူ ငါးဦးနဲ့ ရွာသာကျေးရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး လက်ရှိအချိန်ထိ တပြင်းကျေးရွာထဲမှာပဲ အထိုင်ချတပ်စွဲနေတဲ့အတွက် တပြင်း၊ ပင်ထောင်၊ အနိမ့်စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ တစ်လကျော်ကြာပြီ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ ကျောက်ထုအမြောက်တပ် (အမတ – ၃၆၈) ကို နောက်တန်းစခန်းအဖြစ် အသုံးပြုနေပြီး ချင်းပြည်၊ မင်းတပ်မြို့ဘက် ထိုးစစ်ဆင်နေကာ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်အုပ်စုကို ရဟတ်ယာဥ်တွေနဲ့ ပြန်လည်တင်ဆောင်တာ၊ အင်အား ပြန်လည် ဖြည့်တင်းတာတွေကို လုပ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဆောနယ်၊ တပြင်းနဲ့ ကျောက်ထုကနေတဆင့် မေ ၁၆ ရက်က စပြီး ချင်းပြည် ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #လောင်းရှည် #ယောဒေသ



