မကွေးသတင်း

မြိုင်နယ်မှာ စစ်အုပ်စုရန်ကြောင့် ပြည်သူ သောင်းချီ ထွက်ပြေးနေကြရ

‌အီသာရမ်/MFP၊ ဇွန် – ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ် တိုက်ခိုက်ခံရတဲ့‌ ပျူစောထီးရွာအနီးက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မွှေနှောက်နေတာကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လ ၂၃ ရက်နေ့က မြိုင်နယ် တွင်းမပျူစောထီးစခန်းအနီးမှာ စစ်အုပ်စုရဲ့ Mi17 ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် အဲဒီအနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်း‌ကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ခဲ့သလို မြေပြင်ကလည်း အင်အားဖြည့်ပြီး စစ်ကြောင်းတွေ ထိုးနေခဲ့တာပါ။

ဒါ့ကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံပြည်သူ‌ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်ခဲ့ကြရပြီး လတ်တလောမှာ အစားအစာ ဝယ်ယူဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြေရင့်ရွာနဲ့ အနီးရွာတွေက ရှောင်နေရတာ တစ်လလောက်တောင် ရှိနေပြီ၊ စစ်ကြောင်း စထိုးကတည်းကပေါ့၊ အခုက ဈေးဝယ်ရခက်တာပေါ့လေ၊ တခြားမြို့နယ်တွေ သွားဝယ်ရတော့ အဲဒါအခက်အခဲ ဖြစ်နေတာပေါ့၊ရှောင်နေရတာ ရွာပေါင်း ၂၀ တော့ အနည်းဆုံးရှိမှာ” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုရန်ကြောင့် မြေရင့်၊စိုတော၊ မိတ္ထိလာ၊ စိုကန်တိုက်၊ညောင်ရွာ၊ ပန်းတိုင်းတော ၊မြဇီးတော၊အိုရင်း၊ရွာသစ်၊ပန်းတိုင်းတောအရှေ့ရွာ စတဲ့ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကတည်းက စစ်အုပ်စုဟာ တွင်းမပျူစောထီးစခန်းကို ရိက္ခာပို့ဆောင်ပြီးနောက် စစ်ကြောင်းသုံးကြောင်းခွဲကာ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး စစ်ရှောင်‌ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်အလုံး ၃၀ ခန့်ကို လည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ယခုလအတွင်း မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုစစ်ကြောင်း‌တွေနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်အုပ်စုဝင် ၅၀ ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေကို တွင်းမပျူစောထီးစခန်းဆီကို ပြန်လည်ခေါ်ဆောင်သွားပြီး စစ်ကြောင်း နောက်ဆုတ်သွားခဲ့တယ်လို့ Magway PDF က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲတွေအတွင်းက ဒဏ်ရာရသူတွေကို ပြန်လည်ခေါ်ဆောင်ဖို့ Mi17 ရဟတ်ယာဉ်နဲ့ တွင်းမပျူစောထီးစခန်း အနောက်ဘက်ကို ဆင်းသက်ချိန်မှာ တော်လှန်ရေးတပ်တွေက FPV ဒရုန်းအမျိုးအစားနဲ့ တိုက်ခိုက်ခဲ့ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီး ရဟတ်ယာဉ် မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ရဟတ်ယာဉ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းပြီး ရဟတ်ယာဉ်ကို ကားတွေနဲ့ ပြန်လည်သယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တွင်းမပျူစောထီးစခန်းမှာ ကျန်နေခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းတွေက အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေခဲ့တာဖြစ်ပြီး လတ်တလော ရွာတွေရဲ့ အပျက်အစီး အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရန်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြိုင်နယ် ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေ /ဓာတ်ပုံ -ဒေသခံ

Related Articles

Back to top button