မကွေးသတင်း

မကွေးထောင်မှာ စစ်အုပ်စု ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်နေ၊

အစာငတ်ခံ ဆန္ဒပြသူကို ကူးစက်ရောဂါရှိသူတွေနဲ့ အတူရောထားပြီး သွေးမထွက်တဲ့နည်းနဲ့ သ-တ-်မယ်လို့လည်း ခြိမ်းခြောက်ဟု မိသားစုဝင်နဲ့ PPNM ပြော၊

Phoenix/MFP၊ ဇွန် – ၃၀

မကွေးမြို့ အကျဉ်းထောင်မှာ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း)တွေအပေါ်  ထင်တိုင်းကျဲ ညှဉ်းပန်းနှိပ်စက်နေပြီး တိုက်ပိတ်တာ၊ ခေါင်းစွပ်ရိုက်နှက်တာ၊ ခြေချင်းဒေါက်ခတ်တာနဲ့ အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတစ်ဦးကို တီဘီရောဂါ ဝေဒနာရှင်တွေနဲ့ အတူထားတာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ နိုင်/ကျဉ်း မိသားစုဝင်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး  အကျဥ်းသားများကွန်ယက် (PPNM) က ပြောပါတယ်။

မကွေးအကျဉ်းထောင်ရှိ ထောင်ပိုင်ကြီးအဆင့် ဝင်းနိုင်၊ ထောင်မှူးနဲ့ ဒုထောင်မှူးအဆင့် အောင်ကိုကို အပါအဝင် စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေက နိုင်/ကျဉ်းတွေကို ညှဉ်းပန်းနေတာ ဖြစ်ပြီး “သွေးမထွက်တဲ့ နည်းနဲ့ ငါတို့က သ-တ်-ပ-စ်လို့ရတယ်၊ သ-တ-်ပြမယ်” လို့လည်း ခြိမ်းခြောက်တယ်လို့  ဆိုပါတယ်။

မကွေးထောင်ရှိ စစ်အုပ်စုဟာ နိုင်/ကျဉ်းတွေကို စိတ်ကြိုက်ပုဒ်မတပ်ပြီး ခေါင်းစွပ်ရိုက်နှက်တာ၊ တိုက်ပိတ်တာတွေ လုပ်သလို သူတို့ မကြည်ဖြူတဲ့ နိုင်/ကျဉ်းတွေကို တီဘီရောဂါဝေဒနာရှင်တွေနဲ့ အတူထားတာတွေလည်း ရှိတယ်လို့ နိုင်/ကျဉ်းတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို မကျေနပ်တဲ့အတွက် အစာငတ်ခံဆန္ဒပြတဲ့ နိုင်/ကျဉ်းတစ်ဦးကိုလည်း စစ်အုပ်စု ဝန်ထမ်းတွေက ခေါင်းစွပ်ချုပ်နှောင်ကာ တီဘီရောဂါ ဝေဒနာရှင်တွေရှိတဲ့ ဆေးရုံတိုက်ဆောင်မှာ ထားထားတယ်လို့ ဆိုပါတယ်။

“သူ့အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ လက်ပြန်ကြိုးလည်း တုပ်ခံထားရပြီး စိတ် အခြေအနေကလည်း ပုံမှန်လူလို မဟုတ်တော့ဘူးလို့ သိရတယ်” လို့ နိုင်/ကျဉ်းတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

အဲဒီ မိသားစုဝင်ရဲ့ ပြောကြားချက်အရ မကွေးထောင်မှာ စစ်အုပ်စုက အတင်းအဓမ္မ အလုပ်ခိုင်းစေလို့ နိုင်/ကျဉ်းတွေကို အလုပ်ကြမ်း မခိုင်းရဘူးဆိုတဲ့ ဥပဒေကို ထောက်ပြပြီး ကန့်ကွက်တာမျိုးလုပ်ရင် နောက်နေ့မှာ ခေါင်းစွပ်ရိုက်နှက်တာ၊ တိုက်ပိတ်တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာပစ္စည်းတွေကိုလည်း အကန့်အသတ်နဲ့သာ ပေးပို့ခွင့်ရှိပြီး ထောင်ထဲမှာတော့ ငွေပေး ဝယ်ယူရတဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။ နေမကောင်းလို့ ဆေးတောင်းတဲ့အခါမှာလည်း လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ အများအားဖြင့် ပါရာစီတမောပဲ ပေးလေ့ရှိတာကြောင့် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတယ်လို့လည်း ဆိုပါတယ်။

မကွေးအကျဉ်းထောင်ရှိ ထောင်ပိုင် ဝင်းနိုင်နဲ့ ထောင်အာဏာပိုင်တွေဟာ ဧပြီလကစပြီး နိုင်/ကျဉ်းတွေကို ခြိမ်းခြောက်ပြောဆိုတာ၊ ခေါင်းစွပ် ချုပ်နှောင်တာ၊ ခြေချင်းဒေါက်ခတ် တိုက်ပိတ်တာ၊ ရိုက်နှက်တာနဲ့ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသား ခေါဂေထန်းကို တီဘီရောဂါဝေဒနာရှင်တွေနဲ့ အတူထားပြီး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ PPNM ကလည်း ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးထောင်ရှိ စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းတွေဟာ နိုင်/ကျဉ်းတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါ်တင်တင် ကျူးလွန်နေတယ်လို့ PPNM တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“မကွေးအကျဉ်းထောင်က အာဏာပိုင်တွေ အားလုံးဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင်ပဲ ချိုးဖောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက်တာ၊ ခြေချင်းဒေါက်ခတ်တာ၊ တိုက်ပိတ်တာတွေ ဆက်တိုက်လုပ်လာတယ်။ တိုက်ပိတ် ခံထားရတဲ့ နိုင်ကျဉ်းတွေကို အစားအသောက်၊ ရေ ကန့်သတ်ထားတယ်။ အိပ်ရာခင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုံးဝမရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ကျန်းမာရေးအန္တရာယ်ရှိတဲ့ အရေးပေါ် အကျဉ်းသားတွေကို ဆေးကုသခွင့်ပေးဖို့ လိုအပ်ပါတယ်”

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၈၂ ဦး သေဆုံးတယ်လို့ PPNM က မေလ ၃၁ ရက်မှာ အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း အာဏာသိမ်း စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သူနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အပါအဝင် ပြည်သူ သုံးသောင်းကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲက ထက်ဝက်နီးပါးကို အမှုဆင်ထောင်ချထားကာ နိုင်ငံတဝန်းရှိ အကျဥ်းထောင် ​အသီးသီးမှာ ချုပ်နှောင်ထားကာ ညှဉ်းပန်းနှိပ်စက်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

မကွေးထောင်ရှိ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မကွေးထောင် #နိုင်ကျဉ်း

Related Articles

Back to top button