
Phoenix/MFP ဇူလိူင် – ၂
ပြီးခဲ့တဲ့ ဇွန်လအတွင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးအများအပြား ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိ ၄ ဦးအပါအဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ စစ်ဆင်ရေးတွေဟာ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ဆွာ၊ ရေတာရှည်မြို့နယ်တွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း စစ်ခွင်နဲ့ မကွေးတိုင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွင်းရှိ အလယ်ရိုးမစစ်ခွင်တွေမှာ ဇွန်လတစ်လအတွင်း ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ ဇွန် ၃ ရက်မှာ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈၊ ဗျူဟာအမှတ် ၁၉ လက်အောက်ရှိ PDF တပ်ရင်းတွေနဲ့ နေပြည်တော်ပကဖတို့ ပူးပေါင်းပြီး ပဲခူးတိုင်း ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ် အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ ဆွာမကြီး (ဆွာရွာမ) ကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၄ ရက်မှာတော့ မကွေးတိုင်း နတ်မောက်မြို့နယ် အရှေ့ခြမ်း ကွင်းကြီးကျေးရွာအနီးမှာ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၇ လက်အောက်ရှိ PDF တပ်ရင်းတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန် ၅ ရက်မှာ ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ကို ဗျူဟာအမှတ် ၁၈ နဲ့ ဗျူဟာအမှတ် ၁၉ လက်အောက်ရှိ တပ်ရင်းတွေက ပူးပေါင်းပြီး ခုခံစစ်ဆင်နွှဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဘက်က မြေပြင်မှာ အကျအဆုံးနဲ့ အထိအခိုက်များခဲ့တာကြောင့် လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၁၅ ရက်မှာလည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗျူဟာအမှတ် ၁၈ နဲ့ ဗျူဟာအမှတ် ၁၉ လက်အောက်ရှိ တပ်ရင်းတွေက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူရယူပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံး၊ အထိအခိုက်များခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့မှာပဲ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာဘက်က ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့် ၄ ဦး စီးနင်းလာတဲ့ ကားတစ်စီးကို ရန်ကုန်–ပြည်လမ်းမကြီးပေါ် ကိုးပင်–ဆတ်သွားလမ်းပိုင်း တစ်နေရာမှာ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၇ လက်အောက်ရှိ ရိုးမဖိုက်တာစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၁၈ ရက်မှာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာအစပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဗျူဟာအမှတ် ၁၈ နဲ့ ဗျူဟာအမှတ် ၁၉ လက်အောက်ရှိ တပ်ရင်းတွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တာကြောင့် ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ Y-12 လေယာဉ်၊ MI-35 ရဟတ်ယာဉ်နဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန် ၂၄ ရက်မှာတော့ ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဗျူဟာအမှတ် ၁၈ နဲ့ ဗျူဟာအမှတ် ၁၉ လက်အောက်ရှိ တပ်ရင်းတွေက ဒုတိယအကြိမ် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်၊ အကျအဆုံးများခဲ့တာကြောင့် ပိတောက်ကုန်းကျေးရွာကနေ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း ဆင်နွှဲခဲ့တဲ့ အဆိုပါစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိ ၄ ဦးအပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းမှူးအဆင့် ၁ ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ငယ် ၁၈ လက်၊ ကျည်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနက ဇွန်လအတွင်း စစ်ဆင်ရေးတွေမှာ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/ဓာတ်ပုံ- နေပြည်တော်တိုင်းစစ်ဌာန



