စစ်ကိုင်းသတင်း

စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် သင်္ဘောတွေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေပြီး လက်နက်ကြီး ရမ်းကားပစ်ခတ်လို့ ကနီနယ် ရွာ ၁၈ရွာ ထွက်ပြေးနေရ၊

မြစ်ကမ်းဘေး မြို့၊ရွာတွေ စစ်အုပ်စု ရန်ကို ဂရုပြုဖို့ ပြည်သူအချင်းချင်း သတိပေး၊

Phoenix/MFP၊ ဇူလိုင် – ၇

အာဏာသိမ်း စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်နေပြီး မြစ်ကမ်းဘေး ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်လို့ ကနီနယ်၊ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ကျေးရွာ ၁၈ရွာက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ မန္တလေးကနေ စတင် ထွက်ခွာလာတဲ့ စစ်သေင်္ဘာတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် စုစုပေါင်း ၄၂ စီးဟာ မုံရွာမြို့ကို ရောက်ရှိလာပြီး ရေယာဉ် ၂၆ စီးဟာ မုံရွာကတဆင့် ချင်းတွင်းမြစ်အတိုင်း ဆက်လက် ဆန်တက်နေရာ ဇူလိုင် ၆ရက်မှာ ကနီနယ်ထဲ ရောက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ မနေ့က ညပိုင်း ကနီမြို့အနီးဝန်းကျင်မှာ ညအိပ်ရပ်နားပြီး မြစ်ကမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်လို့ ကနီနယ်၊ မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာ ၁၈ ရွာက အိမ်ထောင်စု ၃၂၀၀ ကျော်၊ လူဦးရေ ၁၄၀၀၀ ကျော် ယာယီ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ကနီနယ် သပိတ်ခေါင်းဆောင် တစ်ဦဖြစ်သူ ကိုပြည့်အောင်နိုင်က လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ချင်းတွင်းမြစ် ရေတက်ချိန်တိုင်း ရေယာဉ်တွေ အသုံးပြုကာ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ စစ်စခန်းနဲ့ ပျူစောထီးစခန်းတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်လေ့ရှိပြီး အစုန်ခရီးအတွက် ဟုမ္မလင်းနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းရှိ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်တွေ အပါအဝင်  တူးဖော်ရရှိတဲ့ ကျောက်စိမ်း၊ ရွှေငွေနဲ့ သယံဇာတတွေ၊ ရွာစဉ်ပတ်မွှေ ဖောက်ထွင်း ခိုးယူထားတဲ့ ပြည်သူပိုင် ခိုးရာပါ ပစ္စည်းတွေကို ပြန်လည် သယ်ယူလာလေ့ရှိတယ်လို့ ချင်းတွင်းမြစ်ရိုးတလျှောက် နေထိုင်သူတွေက ပြောပါတယ်။

“ယနေ့ (ဇူလိုင်၆)မနက် မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ စစ်အုပ်စု မော်တော်တွေ ၂၈စီးခန့် ဆန်တက် လာတယ်။ လက်နက်ခဲယမ်း ရိက္ခာတွေပါတယ်ပေါ့။ ဘေးပတ်ဝန်းကျင် ရွာတွေကိုလည်း ရမ်သန်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ မြေပြင်မှာ ထိခိုက် ပျက်စီးမှု အခြေအနေတော့ ကျနော်တို့ မသိရသေးဘူးဗျ။ သူတို့ဖြတ်သန်းသွားတဲ့ အချိန်အတောအတွင်းကတော့ ခနတော့ ရှောင်ရတာတွေရှိတယ်။ အခု အဲ့ဒီ သင်္ဘောတွေက ကနီနယ်ထဲကို ရောက်ပြီး ကနီမြို့ရှိ စကစတွေကို ရိက္ခာချပြီး ညအိပ် ဝပ်ကျင်း ချထားပါတယ်။ အထက် ဟုမ္မလင်းဘက်တွေထိ ရောက်နိုင်ပါတယ်။ အဲ့ကနေမှတဆင့် ပစ္စည်းတွေ ပြန်သယ်တာ များတယ်။ ဥပမာ ကျောက်စိမ်းတွေ နှစ်စဥ်သယ်တယ်” လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက် စုန်၊ဆန် သွားလာတိုင်း မြစ်ကမ်းဘေး မြို့ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာ၊ ဗုံးကြဲတာ၊ ရေယာဉ်တွေ ကမ်းကပ် ရပ်နားပြီး မြို့ရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက်တာ၊ မီးရှို့တာ၊ တွေ့သမျှပြည်သူကို သတ်ဖြတ်တာတွေ ကျူးလွန်လေ့ရှိပါတယ်။

ယခု ဆန်တက်လာတဲ့ စစ်ရေယာဉ်တွေဟာလည်း ပြည်သူကို ရန်ပြုသတ်ဖြတ်၊ မီးရှို့၊ လုယက်တာတွေ ကျူးလွန်နိုင်လို့ မြစ်ကမ်းတလျှောက် နေထိုင်ကြတဲ့ ပြည်သူတွေ စစ်အုပ်စု ရန်ကို သတိပြုကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းထားပါတယ်။

ဇူလိုင် ၆ရက်က ကနီနယ်ထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေကို ရှေ့ထွက်မိုင်း ၁၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ် အသုံးပြုတဲ့ မိုင်းတွေရဲ့ ဖျက်အား မလုံလောက်တာကြောင့် ရေယာဉ်တွေကို နစ်မြုပ်ပျက်စီးအောင် မလုပ်နိုင်ခဲ့ဘူးလို့ ကနီမြို့နယ်အခြေစိုက် ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“ထိရောက်တဲ့နေရာမှာ ပစ်ခတ်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ပစ္စည်း မဟုတ်တဲ့အတွက် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရသေးတာတွေ ရှိနေပါတယ်”

စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် စုစုပေါင်း ၄၂ စီးအနက် ၂၀ ကျော်ဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေပြီ ဖြစ်ပေမယ့် မုံရွာမြို့ ဆိပ်ကမ်းမှာလည်း ရေယာသ် အစီး ၂၀ နီးပါး ကျန်ရှိနေသေးပြီး အဲ့ဒီ မုံရွာဆိပ်မှာ ရပ်နားထားတဲ့ တရုတ်ပိုင် ကြေးနီတွေကို သယ်ထုတ်ပေးဖို့ ဖြစ်နိုင်သလို ဆက်လက် ဆန်တက်၊ မတက် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့အနီး တွေ့ရစဉ်/Photo – အညာပစ်တိုင်းထောင်လေးများ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #ချင်းတွင်း #စစ်ရေယာဉ်

Related Articles

Back to top button