
ဖမ်းဆီးခံ ပြည်သူတချို့ ထပ်မံ ညှဉ်းပန်းသတ်ဖြတ်ခံရပြီး အိမ်တွေလည်း လုယက်၊ ဖျက်ဆီးခံရ၊
ရွာခံအများစု ထွက်ပြေးနေရတာ လနဲ့ချီနေပြီး စားသောက်နေထိုင်ရေ ခက်ခဲသလို လယ်ယာလုပ်ငန်း တွေလည်း လုပ်ကိုင်မရ ဖြစ်နေ၊
လှိုင်း / MFP၊ ဇူလိုင် – ၈
မကွေးတိုင်းကနေ ချင်းပြည်ဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသဖြစ်တဲ့ ဆောမြို့နယ်၊ တပြင်းကျေးရွာကို မေလက စတင်ကာ စီးနင်း ထားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ရွာခံပြည်သူတွေထဲက သုံးဦးခန့်ကို ထပ်မံ ညှဉ်းပန်း သတ်ဖြတ်သလို ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ထင်တိုင်းကျဲ ဖောက်ထွင်း လုယက်၊ ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေးနန်းတွင်းအခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ၊ မိထ္တီလာမြို့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က စစ်အုပ်စု အင်အား ၂၀၀ ခန့်ဟာ ပြီးခဲ့တဲ့ မေလအတွင်း မကွေးတိုင်း ပေါက်နယ်ကို ဖြတ်ပြီးနောက် ချင်းနဲ့မကွေးအစပ်၊ ယောဒေသ၊ ဆောမြို့နယ်ထဲကို ဝင်ရောက်လာပြီး တပြင်းရွာထဲ စီးနင်းအထိုင်ချကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
အဲ့ဒီ့ စစ်အုပ်စုဟာ ဆောမြို့နယ်၊ တပြင်းကျေးရွာကို စတင်စီးနင်းတဲ့ မေလကုန်ပိုင်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို တပြင်းနဲ့ ရွာသာကျေးရွာရှိ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပြီး လက်ရှိမှာ တပြင်းရွာထဲ ဖမ်းထားသူတွေကို ထပ်မံ ညှဉ်းပန်းသတ်ဖြတ်တာ၊ နေအိမ်တွေ ဖောက်ထွင်း လုယက်၊ ဖျက်ဆီးတာတွေ ထပ်မံ ကျူးလွန်နေတာလို့ ဆိုပါတယ်။
“ရွာထဲရော၊ ရွာပတ်ဝန်းကျင်က တောတိုက်(လယ်စောင့်တဲ)တွေမှာရော စစ်တပ်က နေရာယူထားတာ။ ဆိုင်ကယ်တွေ့ရင်လည်း ယူတယ်။ သူတို့(စစ်တပ်)အတွက် အသုံးမလိုတဲ့ ရွာထဲက ပစ္စည်းတွေဆိုလည်း အကုန် ဖျက်ဆီးထားတာ၊ နွားစာခွက်ကအစ မချန်ဘူး။ ရွာအနီးနားမှာကို အပုပ်နံ့တွေ ရနေတာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
တပြင်းရွာကို စစ်အုပ်စု စီးနင်းချိန် ဒေသခံတွေ ဝရုန်းသုန်းကား စစ်ဘေးရှောင် ထွက်ပြေးကြရပြီး လွတ်အောင် မပြေးနိုင်သူတွေ ဖမ်းဆီးခံထားရကာ အဲ့ဒီ ဖမ်းဆီးခံပြည်သူတွေထဲက သုံးဦး ထက်မနည်း ထပ်မံ ညှဉ်းပန်းသတ်ဖြတ်ခံရတယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တပြင်းရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကနေ စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ ပြည်သူတွေဟာ ကျောက်ထု၊ ဆော၊ ထီးလင်းမြို့နယ်တွေဘက် နေရာပြန့်ကျဲကာ စစ်ရှောင်နေကြရတဲ့အပြင် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေလည်း ဖြတ်တောက်ခံထားရလို့ စစ်အုပ်စုလက်ထံ ဖမ်းဆီးခံရသူနဲ့ သတ်ဖြတ်ခံရသူ အရေအတွက် လူဦးရေစာရင်း ကောက်ယူနိုင်တာ မရှိဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆောမြို့နယ်၊ ကံချောင်းကျေးရွာထဲမှာလည်း စစ်အုပ်စု အင်အား ၁၀၀ ဝန်းကျင်နဲ့ စီးနင်းထားပြီး ကံချောင်း၊ ကံကြီး၊ တောင့်ထက်၊ ရေရှင် စတဲ့ အညာငါးရွာ ကျေးရွာတွေဘက် စစ်အုပ်စုက ဖြန့်ခွဲနေရာယူကာ ဖောက်ထွင်းလုယက်နေတယ်လို့ ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ဆောမြို့နယ်အတွင်းမှာရှိတဲ့ တပြင်း – ကျောက်ထု၊ ဆော – လောင်းရှည် လမ်းပိုင်းပေါ်မှာရှိတဲ့ ကျေးရွာတချို့မှာ စစ်အုပ်စုက စီးနင်းတပ်စွဲတာ၊ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရပြီး စားသောက်နေထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မကွေးတိုင်း – ပကဖ က ထုတ်ပြန်ထားပါတယ်။
“စစ်ရှောင်ရတာလည်း အခက်အခဲ ရှိတယ်။ မိုးကလည်း နေ့တိုင်း အဆက်မပြတ် ရွာနေတာဆိုတော့ အလုပ်ကလည်း မရှိဘူး။ ကိုယ့်ရွာမှာဆိုရင်တော့ မြေပဲနှုတ်၊ စပါးစိုက် တခြားအလုပ်တွေ ရှိတာပေါ့။ ဆောမြို့နယ် ထဲမှာတင် စစ်ရှောင်အိမ်ထောင်စု တစ်ထောင်ကျော်တယ်လို့ သိရတယ်။ ကိုယ့်အိမ်ကိုယ်လည်း မပြန်ရသေးဘူး” လို့ မေလကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဆောနယ်ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ မကွေးတိုင်း၊ လောင်းရှည်မြို့နယ်နဲ့ ပေါက်မြို့နယ်ဘက်ကနေ အင်အား ၆၀၀ ဝန်းကျင်စီ ပါရှိတဲ့ စစ်ကြောင်းနှစ်ကြောင်း၊ စုစုပေါင်း အင်အား ၁၀၀၀ ကျော်နဲ့ ချင်းပြည်နယ်အစပ်၊ ယောဒေသတောင်ပိုင်းမှာရှိတဲ့ ဆောမြို့နယ်ကို စစ်ကြောင်းထိုးကာ ချင်းပြည်ရှိ စစ်ရှုံးမြို့တွေဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရရေး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ဆောနယ်ကနေတဆင့် ချင်းပြည်၊ ကန်ပက်လက်နဲ့ မင်းတပ်မြို့တွေဘက် အင်အား ထောင်ချီသုံးပြီး ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော်(CPU)၊ ယောဒေသ တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ YDF၊ YA အပါအဝင် မဟာမိတ်တပ်တွေက တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်အုပ်စု ရာနဲ့ချီသေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိသလို တစ်လကျော်ကြာပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု အလောင်း၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်း ပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်(CPU/CPA) က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ စစ်သားအဖြစ် အသုံးချနေတာလို့လည်း ဆိုပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ချင်းညီနောင် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ချင်းနဲ့ မကွေးအစပ်၊ ဆောမြို့နယ်၊ တပြင်းကျေးရွာအဝင် ဆိုင်းဘုတ်နဲ့ တပြင်းရွာအနီးရှိ ရွာသာရွာကို စစ်အုပ်စု မီးရှို့နေစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယော #တပြင်းရွာ #ချင်းနဲ့မကွေးအစပ်



