
မဲအများဆုံးရသူ နှစ်ယောက်အနက် တစ်ယောက်ကို အသက်ကြီးတယ်လို့ဆိုကာ ပယ်ပြီး နောက် တစ်ယောက်ကို ဆန္ဒပြဖူးလို့ဆိုပြီး မခန့်၊
ကျောက်စိမ်း/MFP၊ ဇူလိုင် – ၈
မန္တလေး စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးပွဲ စစ်အုပ်စု ခန့်လိုသူကို ရပ်ကွက်က မရွေးတာကြောင့် ရပ်ကွက်က ရွေးသူတွေကိုလည်း စစ်အုပ်စုက မခန့်ဘဲ ပြန်ရွေးခိုင်း၊
မဲအများဆုံးရသူ နှစ်ယောက်အနက် တစ်ယောက်ကို အသက်ကြီးတယ်လို့ဆိုကာ ပယ်ပြီး နောက် တစ်ယောက်ကို ဆန္ဒပြဖူးလို့ဆိုပြီး မခန့်၊
ကျောက်စိမ်း/MFP၊ ဇူလိုင် – ၈
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ၊ အထင်ကရ ရပ်ကွက်ကြီးဖြစ်တဲ့ စိန်ပန်းရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာအတွက် ရွေးကောက်ပွဲ လုပ်ခဲ့ရာ အာဏာသိမ်း စစ်အုပ်စုက နေရာပေး ခန့်ထားလိုသူကို ရပ်ကွက်က မရွေးတာကြောင့် စစ်အုပ်စုကလည်း ရပ်ကွက်က ရွေးသူတွေကို ပယ်ချကာ နောက်ထပ် ရွေးကောက်ပွဲ ထပ်လုပ်ခိုင်းထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇွန် ၂၈ ရက်က မန္တလေးမြို့၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှုး ရွေးပွဲ လုပ်ခဲ့ရာ လက်ရှိ အုပ်ချုပ်ရေးမှုး၊ ဦးသန်းရွှေလက်ထက် အုပ်ချုပ်ရေးမှုးဟောင်းနဲ့ နောက်ထပ် ရပ်ကွက်ခံ လူသစ်တစ်ဦးတို့ သုံးဦး ယှဉ်ပြိုင်ခဲ့ပြီး ရပ်ကွက်က ဦးသန်းရွှေလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းက မဲအများဆုံးနဲ့ လူသစ်က ဒုတိယ မဲအများဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတာလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက လက်ရှိ အုပ်ချုပ်ရေးမှူးကိုသာ ဆက်လက် ခန့်ထားလိုပြီး ရပ်ကွက်က ရွေးလိုက်သူ နှစ်ဦးအနက် မဲအများဆုံး ရသူဟာ အသက် ၈၀ ရှိပြီမို့ အသက် ကြီးတယ်လို့ ဆိုကာ ပယ်ချသလို ဒုတိယမဲအများဆုံးရသူကိုလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဖူးတယ်လို့ဆိုကာ ပယ်ချပြီးနောက် ရွေးကောက်ပွဲ ထပ်လုပ်ခိုင်းတာလို့ ဆိုပါတယ်။
“ဦး(–)ကို အသက်ကြီးတယ်ဆိုပြီး ပယ်လိုက်တယ်၊ သူ့ကိုပယ်ပြီးနောက် ဒုတိယ မဲရလဒ် အများဆုံးဖြတစ်တဲ ကို(–) ကိုကျတော့ ဆန္ဒပြခဲ့ဖူးတယ်ဆိုပြီး ဆက်ပယ်ခံရတယ် ကြားတယ်၊ (–) ကိုတော့ ဘယ်သူမှ မခန့်ချင်ကြဘူး၊ ဒီသုံးယောက်ထဲက မဟုတ်ဘဲ နောက်ထပ်အုပ်ချုပ်ရေးမှုး အသစ် ပြန်ရွေးမယ်ကြားတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘောင်းဘီချွတ်ကာ ပုဆိုးပြောင်းဝတ်ပြီးနောက် အုပ်ချုပ်ရေး ယန္တရား ခိုင်မာစေရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေ ခန့်အပ်ဖို့ အုပ်ချုပ်ရေးမှူး ရွေးပွဲတွေ လုပ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စု လက်ကိုင်ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေအညီ ရေးဆွဲထားတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ (၂၀၁၂)အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ ရာထူးသက်တမ်း အတိုင်းဖြစ်ပြီး တဆက်တည်း နှစ်ကြိမ်ထက် မပိုစေရလို့ ပြဌာန်းထားပါတယ်။
အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအရ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးရဲ့ အဆုံးအဖြတ်ဟာ အဓိက ကျပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လစ်လပ်ရင် ဒုတိယမဲအများဆုံး ရသူကို ခန့်နိုင်ပြီး ဒုတိယ မဲအများဆုံးရသူ မလုပ်နိုင်ပါက သင့်တော်တဲ့ ရာအိမ်မှူးကို ယာယီ နေရာပေးတာ၊ အသစ် ထပ်မံ ရွေးတာတွေ လုပ်ရမယ်လို့ ဖော်ပြထားပါတယ်။
မန္တလေး စိန်ပန်းရပ်ကွက်ဟာ စစ်အာဏာသိမ်းကာလ စစ်အုပ်စုရဲ့ အငြိုးထားဖိနှိပ်မှုခံနေရတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #စိန်ပန်းရပ်ကွက်



