
ရပ်ကွက်က ရွေးသူတွေ ပယ်ချခံရပြီး စစ်အုပ်စုနဲ့ အပေးအယူတည့်သူတွေ နေရာရလို့ မန္တလေးမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်၊
ဝင်ငွေဖြောင့်ပြီး ချမ်းသာနိုင်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်လိုသူ များပြား၊
Phoenix၊ ကျောက်စိမ်း/MFP ၊ ဇူလိုင်- ၉
အာဏာသိမ်း စစ်အုပ်စုက လုပ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (ရပ်/ကျေး) အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ မသမာမှုတွေ ရှိနေပြီး မန္တလေးတိုင်းအတွင်း ရပ်ကွက်နဲ့ကျေးရွာတချို့မှာ ဒေသခံတွေက ရွေးချယ်သူတွေ နေရာမရဘဲ ပယ်ချခံရလို့ အငြင်းပွားမှုတွေလည်း ပေါ်ပေါက်နေတယ်လို့ MFP က စုံစမ်းသိရပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အခြေတကျ လည်ပတ်နိုင်ရေးအတွက် သူတို့ကို သစ္စာခံမဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ပွဲတွေ မေလက စပြီး လုပ်နေတာ ဖြစ်ပါတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဟာ ပေါ်တာဆွဲငွေညှစ်တာ၊ ဧည့်စာရင်းစစ်ငွေညှစ်တာ အပါအဝင် ရပ်ကွက်ထဲ အာဏာပြ ငွေညှစ်နိုင်သလို ဝင်ငွေဖြောင့်ပြီး ချမ်းသာနိုင်တာကြောင့် စစ်အုပ်စု သစ္စာခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်လိုသူတွေ များပြားပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ လည်း ပြိုင်ဆိုင်မှု ပြင်းထန်တာ တွေ့ရတယ်လို့ မန္တလေးမြို့ခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်တချို့မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ စစ်အုပ်စုရဲ့ မသမာမှုတွေ ရှိခဲ့ပြီး ရပ်ကွက်ထဲ လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူးလောင်းတွေ ဝင်ပြိုင်ခွင့်မရဘဲ ပယ်ချခံရတာ၊ မဲပေးခွင့် ကန့်သတ်ခံရတာနဲ့ စစ်အုပ်စုက လိုလားသူတွေသာ နေရာပြန်ရတာမျိုးတွေ ပေါ်ပေါက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ ကြိုတင်သတ်မှတ်ထားသူတွေကိုသာ အုပ်ချုပ်ရေးမှူး ခန့်ထားလိုဟန် ရှိပြီး သူတို့ လူတွေ အနိုင်ရဖို့အတွက် နည်းမျိုးစုံသုံးကာ မသမာမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။
“ကြားရတာကလည်း တဖက်သတ် ရွေးတဲ့သဘောပါ။ သူတို့ချပြတဲ့ လူကိုပဲ ရွေးခဲ့ရသတဲ့” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာဇေယျာဘုံရပ်ကွက်၊ မဟာအောင်မြေမြို့နယ်ရှိ စိန်ပန်းနဲ့ ဒေးဝန်းအရှေ့ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဆ)ရပ်ကွက် စတဲ့ မြို့ပေါ် ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူး ရွေးရာမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်နေတယ်လို့ ဆိုပါတယ်။
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ ကြီးကြပ်ရေးအဖွဲ့ဝင် ငါးဦး ရွေးချယ်ရာမှာ ဥပဒေနဲ့ နည်းဥပဒေကို မလိုက်နာဘဲ ဆောင်ရွက်ခဲ့တယ်ဆိုပြီး မြို့နယ် ထွေအုပ်ထံ ရပ်ကွက်ခံတချို့က ကန့်ကွက်စာ တင်ထားပြီး အဲ့ဒီ ကန့်ကွက်စာမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို တက်ရောက်လာတဲ့ အိမ်ထောင်စုကိုယ်စားလှယ် အားလုံး မဲပေးခွင့်မရတာ၊ ကြီးကြပ်ရေး အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသူတစ်ဦးဟာ ဥပဒေမှာ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာရပ်ကွက်အတွင်း ငါးနှစ်ဆက်တိုက် နေထိုင်ရမယ့် အရည်အချင်းနဲ့ မကိုက်ညီတာအပြင် ရွေးချယ်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားမှုအောက်မှာ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“အခုကာလ နှစ်ဦးနှစ်ဖက် တည့်အောင်၊ကောင်းအောင် အဆင်ပြေအောင် နေကြရတာပါပဲ။ ကောင်းတဲ့ အုပ်ကြီး (အုပ်ချုပ်ရေးမှူး)တွေ ရှိသလို မကောင်းတဲ့ အုပ်ကြီးတွေလည်း ရှိပါတယ်။ ထွေအုပ်က သူတို့ လက်သင့်ရာပဲ ပြန်ခန့်မှာပဲလေ။ …။ သူတို့အတွက် စိတ်ချရတဲ့သူပဲ ပြန်ခန့်မယ် ထင်ပါတယ်” လို့ မန္တလေးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်မှာလည်း ရပ်ကွက်က ထောက်ခံ တင်သွင်းထားတဲ့ အုပ်ချုပ်ရေးမှူး လောင်းတွေကို ရွေးချယ်ပွဲမတိုင်မီ စစ်အုပ်စုက တစ်ဦးချင်းစီ မြို့နယ် ထွေအုပ်ရုံးကို ခေါ်တွေ့ ပြီးနောက် ဝင်ပြိုင်သူ မရှိတော့တာကြောင့် လက်ရှိအုပ်ချုပ်ရေးမှူးသာ နေရာ ပြန်ရတယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူး ဝင်ပြိုင်တဲ့ သူတွေကို တစ်ရက်တစ်ယောက် ထွေအုပ်ကနေခေါ်ပြီး ပယ်ချတယ်။ အကြောင်းပြချက် မေးတော့ ပြောပြလို့ မရဘူးပြောတယ်ဗျာ ” လို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် နေသူတစ်ဦးက MFP ကို ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် နေရာပေးခံရတဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးဟာ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ်စုဆောင်းတာ၊ ငွေညှစ်တာတွေ မကြာခဏ ကျူးလွန်နေသူ ဖြစ်တယ်လို့ မြို့ခံတချို့က စွပ်စွဲပြောဆိုပါတယ်။
“ကျွန်တော်တို့ (ဆ) ရပ်ကွက်မှာ ပြည်သူတွေ ရွေးချယ်တင်သွင်းထားတဲ့သူတွေကို ထွေအုပ်က ပယ်ချပြီး လက်ရှိ အုပ်ချုပ်ရေးမှူး စည်ဖြိုးလင်းကိုပဲ ပြန်ခန့်အပ်သွားတယ်” လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်မှာ လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး တိုင်ကြားစာ တစ်စောင် လှုမှုကွန်ယက်ပေါ် ပြန့်နှံ့နေပါတယ်။ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ မဲအများဆုံး ရရှိသူ (၁၃၁၂မဲ) ကို ကြီးကြပ်ရေးမှူးအဖွဲ့က အုပ်ချုပ်ရေးမှူး အဖြစ် မရွေးချယ်ခဲ့ဘဲ ယခင်အုပ်ချုပ်ရေးမှူး (၂၆၉မဲ) သာရရှိခဲ့သူကို ခန့်အပ်ရွေးချယ်ခဲ့တဲ့အတွက် စစ်အုပ်စု တိုင်းအဆင့်ကို တိုင်ကြားစာပို့ခဲ့တာပါ။
မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာတော့ စစ်အုပ်စုက ကြိုက်တဲ့ ကိုယ်စားလှယ်ကို ရပ်ကွက်က မရွေးဘဲ မဲရှုံးတာကြောင့် မဲအနိုင်ရသူတွေကိုလည်း စစ်အုပ်စုက မခန့်ဘဲ ရွေးချယ်ပွဲ ထပ်လုပ်ခိုင်းနေကာ စစ်အုပ်စုက သူတို့ကြိုက်တဲ့သူကိုပဲ ရအောင်ခန့်မယ့်သဘော ဖြစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
စစ်အုပ်စုက လက်ရှိ အုပ်ချုပ်ရေးမှူးကိုသာ ဆက်လက် ခန့်ထားလိုပြီး ရပ်ကွက်က ရွေးလိုက်သူ နှစ်ဦး အနက် မဲအများဆုံး ရသူဟာ အသက် ၈၀ ရှိပြီမို့ အသက် ကြီးတယ်လို့ ဆိုကာ ပယ်ချသလို ဒုတိယ မဲ အများဆုံး ရသူကိုလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဖူးတယ်လို့ဆိုကာ ပယ်ချတာလို့ ဆိုပါတယ်။
“ဦး(–)ကို အသက်ကြီးတယ်ဆိုပြီး ပယ်လိုက်တယ်၊ သူ့ကိုပယ်ပြီးနောက် ဒုတိယ မဲရလဒ် အများဆုံး ဖြစ်တဲ ကို(–) ကိုကျတော့ ဆန္ဒပြခဲ့ဖူးတယ်ဆိုပြီး ဆက်ပယ်ခံရတယ် ကြားတယ်၊ (–) ကိုတော့ ဘယ်သူမှ မခန့်ချင်ကြဘူး၊ ဒီသုံးယောက်ထဲက မဟုတ်ဘဲ နောက်ထပ် အုပ်ချုပ်ရေးမှုး အသစ် ပြန်ရွေးမယ် ကြားတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မိတ္ထီလာနဲ့ သာစည်မြို့နယ်မှာလည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ စစ်အုပ်စုက မသမာမှုတွေ ကျူးလွန်လို့ အငြင်းပွားမှုတွေ ပေါ်ပေါက်နေပြီး ရွေးချယ်ပွဲ ပျက်တဲ့ ကျေးရွာနဲ့ ရပ်ကွက်တချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းဟာ နိုင်ငံတစ်ဝန်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကြံ သတ်ဖြတ်ခံရမှု အများဆုံးဒေသ ဖြစ်ပြီး စုစုပေါင်း ၂၇၂ ဦးအထိ ရှိခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းစက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများအပြား CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဖြစ်ဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ အုပ်စိုးမှုအောက်မှာ နေထိုင်ရချိန် ကိုယ့်ရဲ့ ရပ်ရွာကို တတ်နိုင်သမျှ ကာကွယ်ဖို့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာလို့ တချို့က ပြောပေမယ့် စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ဝင်ငွေရလမ်း ဖြောင့်ပြီး နေ့ချင်းညချင်း ချမ်းသာလာတာ၊ ရပ်ကွက်ထဲ အာဏာပြ လုပ်ပိုင်ခွင့် ရတာတွေကြောင့် အုပ်ချုပ်ရေးမှူးဖြစ်ရေး အလုအယက် ပြိုင်နေကြတာ ဖြစ်မယ်လို့ တချို့က သုံးသပ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ရွေးကောက်ပွဲ အတုလုပ်ကာ စစ်ဘောင်းဘီကနေ ပုဆိုး ပြောင်းဝတ်ပြီးနောက် သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ခိုင်မာဖို့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ လုပ်နေတာ ဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ (၂၀၁၂)မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ သမ္မတရဲ့ ရာထူးသက်တမ်း အတိုင်းဖြစ်ပြီး တဆက်တည်း နှစ်ကြိမ်ထက် မပိုစေရလို့ ပြဌာန်းထားပါတယ်။
အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ခန့်အပ်ရာမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးရဲ့ အဆုံးအဖြတ်ဟာ အဓိက ကျပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လစ်လပ်ရင် ဒုတိယ မဲအများဆုံး ရသူကို ခန့်နိုင်ပြီး ဒုတိယ မဲအများဆုံးရသူ မလုပ်နိုင်ပါက သင့်တော်တဲ့ ရာအိမ်မှူးကို ယာယီ နေရာပေးတာ၊ အသစ် ထပ်မံ ရွေးတာတွေ လုပ်ရမယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုက ပျူစောထီးခေါင်းဆောင်တွေ အဖြစ် ခန့်အပ်ကာ လက်နက်ထုတ်ပေးနေသည်ကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #ရပ်ကျေးအုပ်ချုပ်ရေးမှူး



