
စစ်အုပ်စု ရန်ကြောင့် ပြည်သူသောင်းနဲ့ချီ ထွက်ပြေးနေကြရ၊
အီသာရမ်/MFP၊ဇူလိုင်-၁၄
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်အုပ်စုက ပေါက်နဲ့မြိုင်မြို့နယ်အစပ်ရှိ ထောက်ရှာပင်ကျေးရွာထဲ ရက် ၂၀ကြာ အထိုင်ချ တပ်စွဲကာ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် ရွာထဲက ပြန်ထွက်ချိန် နေအိမ်တွေကို မီးတင်ရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ထောက်ရှာပင်ကျေးရွာရှိ နေအိမ် ၃၅ လုံးခန့် မီးလောင်ပြာကျပြီး လက်ရှိ အချိန်ထိ မီးတောက်နေဆဲ ဖြစ်သလို ကျေးရွာရဲ့ ထရန်စဖော်မာကိုပါ စစ်အုပ်စုက မီးရှို့ ဖျက်ဆီးခဲ့တယ် လို့ ကျေးရွာအတွင်း ဝင်ရောက် ရှင်းလင်းရာမှာ ပါဝင်တဲ့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက MFP ကို ပြောပါတယ်။
“ခန့်မှန်းခြေ (အိမ်ခြေ) ၃၅ လုံးလောက်၊ ၄၀ ကျော်လောက်တော့ ရှိမယ်လို့ ထင်တယ်၊ မီးကတော့ (လျှပ်စစ်မီး) လွယ်လွယ် မရတော့ဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ ထရန်စဖာပုံးကိုလည်း မီးရှို့ခဲ့တယ်၊ နေအိမ်တွေဆိုလည်း အိမ်တိုင်းလိုလို ဖျက်ဆီးခဲ့ပါတယ်၊ မီးမရှို့တဲ့ အိမ်တွေဆိုလည်း ရစရာ မရှိအောင် ဖျက်ဆီးခဲ့တယ်၊ တစ်ရွားလုံးနီးပါးပဲ”

ဇွန်လကုန်ပိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုဟာ ပခုက္ကူနယ် တွင်းမရွာ ပျူစောထီးစခန်းကတဆင့် ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာတွေနဲ့ ထောက်ရှာပင်ကျေးရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက် ခိုးယူနေတာ ဖြစ်ပြီး ရက် ၂၀ ခန့်အကြာ ထောက်ရှာပင်ရွာထဲက ပြန်ထွက်ချိန် ရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ထောက်ရှာပင်ကျေးရွာရှိ နေအိမ်တွေကိုသာမက ကျေးရွာကို မီးအားဖြန့်ဖြူးနေတဲ့ ထရန်စဖော်မာကိုပါ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ပြည်သူပိုင် တန်ဘိုးရှိပစ္စည်းတွေကိုတော့ ခိုးယူ သယ်ထုတ်သွားတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက ပြောပါတယ်။
စစ်အုပ်စုဟာ ရွာမီးရှို့၊ ထောက်ထွင်းလုယက် ခိုးယူရုံမက ဒေသတွင်း ထင်တိုင်းကျဲ ဗုံးပတ်ကြဲနေပြီး ဗုံးထိမှန်လို့ မြိုင်မြို့နယ်က ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့စည်း – မြိုင် က ပြောပါတယ်။

ဒါ့အပြင် ထောက်ရှာပင်ရွာကို လုယက်၊ မီးရှို့ပြီး ပြန်ထွက်သွားတဲ့ စစ်အုပ်စုဟာ ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ မြိုင်မြို့နယ် ကန်နက်ကျေးရွာကို ဆက်လက်စီးနင်းပြီး နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြိုင်မြို့နယ်မှာ စက်မှု-၂ စစ်အုပ်စု အထိုင်စခန်းမှာလည်း စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ရှိနေပြီး အဲဒီ စစ်အုပ်စု စစ်ကြောင်းကလည်း လက်ရှိထိုးနေတဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့အတူ ပါရှိလာမယ့် ခိုးရာပါ ပစ္စည်းတွေကို သယ်ယူဖို့အတွက် လာကြိုတဲ့အနေနဲ့ အနီးက ကုန်းရွာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၄ ရက် ဒီနေ့မှာတော့ စစ်အုပ်စု ရှေ့ပြေးစစ်ကြောင်းက စက်မှု-၂ က စစ်အုပ်စု စစ်ကြောင်းနဲ့ ပေါင်းမိသွားပြီး ထပ်မံပြီး ဘယ်ကို ဦးတည်စစ်ကြောင်းထိုးမယ် မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာနဲ့ လေကြောင်း ဗုံးကြဲတာတွေကြောင့် ပေါက်မြို့နယ်ရှိ ကျေးရွာ ကိုးရွာနဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ ၁၅ ရွာ၊ စုစုပေါင်း ရွာ ၂၀ ကျော်က ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ နှစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။


ပေါက်နဲ့ မြိုင်နယ်အစပ် ထောက်ရှာပင်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ရက် ၂၀ ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူသယ်ထုတ်ပြီးနောက် ရွာထဲက ပြန်ထွက်ချိန် နေအိမ်တွေကို မီးတင်ရှို့ ဖျက်ဆီးခဲ့စဉ်/Photo – ပေါက် လူသားစာနာ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင်



