ချင်းတောင်ပိုင်းတိုက်ပွဲ နှစ်လရှိလာချိန် စစ်အုပ်စုက မကွေးကနေ အင်အားအလုံးအရင်းနဲ့ စစ်ကူထပ်ပို့

ဒံယေလ/MFP၊ ဇူလိုင်-၁၄
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာ နှစ်လရှိလာချိန်မှာ စစ်အုပ်စုက မကွေးတိုင်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကူတွေ ထပ်မံပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ မကွေးတိုင်းအခြေစိုက် ၊အမြောက်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့တွေမှာ လူ၊လက်နက် ၊ရိက္ခာဖြည့်တင်းကာ ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့တာပါ။
အဲဒီနောက် မေလ ၁၆ ရက်နေ့က စတင်ကာ အဆိုပါမြို့တွေကတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့တွေကို ဦးတည်ကာ အင်အား (၁၀၀၀) ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ နှစ်လကြာတဲ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်အုပ်စုတပ်တွေက မကွေးတိုင်းကနေ နောက်ထပ် အင်အား (၁၀၀၀)ကျော် ထပ်မံဖြည့်တင်းလာတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) -မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
“မင်းတပ်ဘက်ထိုးလာတာက အရင်ကနဲ့ အခုထပ်ပို့တာနဲ့ဆို ၇၀၀/၈၀၀လောက်ရှိမှာ။ ကန်ပက်လက်ဘက်လည်း အတူတူပဲဖြစ်လောက်တယ်။နဲနဲကွာတာလောက်ပဲရှိမှာ။”လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေကနေ စစ်ကြောင်းတချို့ ပြန်ဆုတ်ခွာတာတွေရှိနေသလို မင်းတပ် -ထင်ချောင်းလမ်းမှာရှိတဲ့ တောင်ကြောမှာ မြေကျင်တူးပြီး ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်နေတယ်လို့ မြေပြင်ရဲဘော်က ဆက်ပြောပါတယ်။
“စစ်ကြောင်းက မင်းတပ်ဘက်မှာတော့ ပြန်တက်မလာသေးဘူး။နောက်နည်းနည်း ပြန်ဆုတ်ပြီး ခံစစ်အတွက် ဘန်ကာတွေ အခိုင်အမာ ဆောက်နေတယ်လို့ ကြားတယ်။မင်းတပ်နဲ့ ထင်ချောင်းကြားက တောင်တွေမှာ။ ကန်ပက်လက်တော့ နည်းနည်း ပြန်လှုပ်တယ်။မနေ့ကလည်း ထိတွေ့မှုရှိတယ်လို့ ကြားတယ်” လို့ သူကပြောပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ တစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ရာချီသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိထားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်( CPU/CPA)က ဇူလိုင် (၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကန်ပက်လက်၊ မင်းတပ်မြို့နယ်များသို့ ပြည်သူ့စစ် အများအပြားပါဝင်သည့် အာဏာသိမ်းအကြမ်းဖက် စစ်ကော်မရှင်တပ်၏ အင်အားထောင်ချီသော နယ်မြေကျူးကျော် စစ်ကြောင်းများကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်များ အတူတကွ လက်တွဲကာ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြရာ ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရသည်။ အင်အား ရာနှင့်ချီ၍လည်း ထိခိုက်မှုများခဲ့သည်။ တစ်လကျော်ကြာလာပြီဖြစ်သော ပြင်းထန်သည့် တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများနှင့် သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်”လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ချင်းတောင်ပိုင်းမှာ အဲဒီလို မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်းကလည်း နေ့စဉ်နီးပါး ဗုံးကြဲတာတွေ လုပ်ခဲ့ပြီး အချို့ရက်တွေမှာဆို တစ်ရက်တည်းနဲ့ ဗုံးအလုံး ၉၀ ကျော် ကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။
ဒီလိုအခြေအနေကြောင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံ သုံးသောင်းနီးပါးဟာ တောတောင်အတွင်းနဲ့ တခြားဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ ကျီခါး၊ ဝေဘူလ၊တွန်းဇံ မြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။


မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့စစ်အုပ်စု (ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#မင်းတပ် #ကန်ပက်လက် #တိုက်ပွဲဖြစ်



