ချင်းတပ်တွေ ငါးနှစ်ကြာ ထိန်းချုပ်ထားတဲ့ ထန်တလန်မြို့ စစ်အုပ်စု လက်ထဲ ပြန်ပါသွား၊

ချင်းပြည်မြောက်ပိုင်းတစ်ခုလုံး စစ်အုပ်စု လက်အောက် ပြန်ကျရောက်ပြီး ရိဒ်မြို့တစ်မြို့သာ လွတ်မြောက်တော့၊
ရွှေဥ/MFP၊ ဇူလိုင် – ၁၇
ချင်းတော်လှန်ရေးတပ်တွေ ငါးနှစ်ကြာ စိုးမိုးထိန်းချုပ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ရှိရာ ချင်းပြည်မြောက်ပိုင်း ထန်တလန်မြို့ကို ဇူလိုင် ၁၆ ရက်မှာ အာဏာသိမ်း စစ်အုပ်စုက အလုံးစုံ ပြန်လည် စိုးမိုး ထိန်းချုပ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ထန်တလန်မြို့တွင်းရှိ လဝကရုံးနဲ့ စာသင်ကျောင်း အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေအားလုံးကို ဇူလိုင် ၁၆ ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက်နိုင်သွားတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“တီးမြစ်လမ်းကြောင်းက ပါသွားပြီးတော့ စစ်တပ်က မြို့ထဲကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာ။ အားလုံး ပြန်ဆုတ်လိုက်ရတာ”
ထန်တလန်မြို့ဟာ ချင်းပြည်မြို့တော် ဟားခါးမြို့နဲ့ ၂၄ မိုင် အကွာအဝေးမှာ တည်ရှိပြီး စစ်အာဏာသိမ်းစ ၂၀၂၁ ကတည်းက ချင်းတော်လှန်ရေးတပ်တွေ စိုးမိုး ထိန်းချုပ်ထားတဲ့မြို့ ဖြစ်ပါတယ်။

ထန်တလန်မြို့မှာ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ နဲ့ ရဲစခန်းနေရာ တချို့သာ စစ်အုပ်စု ကျန်ရှိပြီး စစ်အုပ်စု အမြစ်မပြတ်ပေမဲ့ မြို့ကို တော်လှန်ရေး အင်အားစုတွေက စိုးမိုး ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၁ အောက်တိုဘာမှာ ထန်တလန်မြို့တွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရှုံးတဲ့ စစ်အုပ်စုဟာ မြို့ကို မီးရှို့ဖျက်ဆီးခဲ့သလို မြို့ကို မထိန်းချုပ်နိုင်တော့ဘဲ လက်လွှတ်လိုက်ရပြီးနောက် မကြာခဏ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူတွေ မြို့ထဲ မနေရဲဘဲ ထွက်ပြေးနေကြရတာ ငါးနှစ်ခန့် ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ကာ စစ်အုပ်စုက ထန်တလန်မြို့ ပြန်ရရေးအတွက် ဟားခါးမြို့နဲ့ ကလေး-ဖလမ်း ကားလမ်းကနေတဆင့် စစ်ကူတွေ ပို့လွှတ်ကာ စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက ထန်တလန်မြို့ထဲ ရှင်းလင်းရေးလုပ်နေပြီး လူနေထိုင်မှု မရှိတဲ့ မြို့ထဲကို ဟားခါးမြို့ကနေတဆင့် စစ်အုပ်စုဝန်ထမ်းတွေ ခေါ်သွင်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“အခုတော့ လူနေလို့ မရသေးဘူး၊ ဟားခါးကနေ လူတွေ ပြန်ခေါ်တာမျိုး လုပ်မယ်တော့ ကြားနေရတယ်”

ထန်တလန်မြို့ စစ်အုပ်စု လက်အောက် ပြန်ကျရောက်သွားတာကြောင့် ချင်းပြည်မြောက်ပိုင်း တစ်နယ်လုံး စစ်အုပ်စု လက်အောက် ပြန်လည် ကျရောက်သွားတာ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး မြို့တစ်မြို့ဖြစ်တဲ့ ရိဒ် ခေါ် ရိဒ်ခေါဒါရ်မြို့သာ လွတ်မြောက်တော့တာ ဖြစ်ပါတယ်။
ချင်းတော်လှန်ရေး တပ်တွေအနေနဲ့ ယခု ၂၀၂၆ နှစ်ဆန်းအထိ ချင်းပြည်မြောက်ပိုင်းရှိ မြို့၊ရွာ အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု အနေနဲ့ မြို့တော် ဟားခါး၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့ သုံးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ စစ်ရှုံးမြို့တွေ ပြန်ရရေးအတွက် လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး ချင်းပြည်မြောက်ပိုင်းမှာလည်း စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်ပိုင်းကစတင်ပြီး အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ယခု ၂၀၂၆ခုနှစ် ဇူလိုင်လဆန်းအထိ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဖလမ်း၊ ဝေဘူလ၊ တွန်းဇံ၊ ကျီးခါးနဲ့ ထန်တလန်မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်သွားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ရှုံးမြို့တွေ ပြန်ရပြီးနောက် ဖလမ်းနဲ့တီးတိန်မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ဘဏ်၊ စာသင်ကျောင်း၊ လဝက၊ ကျန်းမာရေး၊ စည်ပင် စတဲ့ ရုံးတွေ ပြန်ဖွင့်နေသလို ဖလမ်းမြို့ရှိ ဆူးဘုံရ်လေဆိပ်ကိုပါ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၂၁ အောက်တိုဘာက ထန်တလန်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ရှုံးနိမ့်တဲ့ အာဏာသိမ်း စစ်အုပ်စုက မြို့ကို မီးရှို့ဖျက်ဆီးနေစဉ်နဲ့ ယခု ဇူလိုင် ၁၆ရက်က ထန်တလန်တိုက်ပွဲအပြီး တွေ့ရတဲ့ ဗုံးနဲ့ လက်နက်ကြီး ထိမှန်ထားတဲ့ အဆောက်အအုံတွေ /Photo – Tial Hram Ling၊ စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချင်း #ထန်တလန်မြို့ #နယ်စပ်ကုန်သွယ်ရေး



