စစ်ကိုင်းသတင်း

ကန့်ဘလူမှာ စစ်အုပ်စုကို တိုက်ခိုက်ရာ ငါးယောက် သေ၊ နှစ်လက် ရ၊

MN/MFP ၊ ဇူလိုင် – ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးနဲ့ ကျီကုန်းရွာကြား သွားလာနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဒီမနက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ငါးယောက် သေပြီး သေနတ် နှစ်လက် သိမ်းဆည်း ရရှိတယ်လို့ သတင်းရရှိပါတယ်။

ဇူလိုင် ၁၇ရက် ဒီမနက်ပိုင်း ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်းရှိ ကာဘိုးရွာ စစ်အုပ်စု အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုနဲ့ပျူစောထီး အင်အား ၂၀ ကျော်ကို ကာဘိုးနဲ့ ကျီကုန်းရွာ ကြားမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က MFP ကို သတင်း ပေးပို့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စု ငါးယောက် သေကာ ရှစ်ယောက် ဒဏ်ရာရပြီး G-3 တစ်လက်၊ ကာဘိုင် တစ်လက်နဲ့ စကားပြောစက် တစ်လုံး သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ တပ်ခွဲ(၄-၅)၊ ကာဘိုးတိုက်နယ် ပကဖ၊ ဇီးကုန်းတိုက်နယ် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖ တပ်ရင်း(၄) တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကာဘိုးရွာထဲနေ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ကျီကုန်းရွာအနီး သွားရောက်ပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်လေ့ရှိတာကြောင့် အဲ့ဒီ စစ်အုပ်စုကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာ ခံရပြီး နှစ်ယောက်သေကာ နှစ်လက်ပါသွားတယ်လို့ စစ်လော်ဘီတွေကလည်း တယ်လီဂရန်မှာ ဖော်ပြကြပါတယ်။

ကန့်ဘလူနယ်ဟာ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝ ဆိုသူ ကြီးစိုးနေတဲ့ ဒေသဖြစ်ပြီး တော်လှန်ရေးတပ်တွေကလည်း ဝါသဝ ဦးဆောင်တဲ့ ပျူတွေကို မကြာခဏ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ကန့်ဘလူခရိုင် ပကဖ

Related Articles

Back to top button