စစ်ကိုင်းသတင်း

စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြား ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ၊

သုထက်/MFP၊ ဇူလိုင် – ၁၈

အာဏာသိမ်း စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတဲ့ လေကြောင်းအန္တရာယ်ကြားက စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာ ၇၉ နှစ်ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက MFP ကို ပြောပါတယ်။

အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ သပိတ်ကော်မတီတွေ ဦးဆောင်ကာ စာသင်ကျောင်းတွေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ဒေသတွင်းရှိ တော်လှန်ရေး ရဲဘော်တွေရဲ့ အုတ်ဂူတွေ တည်ရှိရာကို ချီတက် အလေးပြုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အောက်မေ့ဖွယ် အခမ်းအနားကို အာဇာနည် ကိုးဦး တင်မက ခေတ်အဆက်ဆက်က မြန်မာပြည် အတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ”လို့  ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုရဲ့ ကော်မတီဝင်တစ်ဦးက MFP ကို ပြောပါတယ်။

ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွင်းရှိ စာသင်ကျောင်းတွေမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကျောင်းသားနိုင်ငံရေးနဲ့ လူငယ်တွေဟာ တိုင်းပြည်လွတ်မြောက်ရေးအတွက် အရေးကြီးကြောင်း၊ စတဲ့ အကြောင်းအရာတွေကို သပိတ်ကော်မတီဝင်တွေနဲ့ ဆရာဆရာမတွေက ဟောပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကဗျာရွတ်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေ ပူးတွဲ လုပ်ဆောင်ပေးခဲ့တယ်၊ နောက်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ တော်လှန်ရေးအပေါ် သိမှု၊ ခံစားမှုများကိုပါ ဟောပြောခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တယ်” လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု ကော်မတီဝင်က ပြောပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြားက ၉၇ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်သာမက စစ်ကိုင်းတိုင်းတွင်း နေရာအများပြားမှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်/Photo – သုထက်/MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #အာဇာနည်နေ့ #ယင်းမာပင်နဲ့ဆားလင်းကြီး

Related Articles

Back to top button