မန္တလေးသတင်း

မိုးကုတ်မှာ ထိပ်တန်းကျောက်လုပ်ငန်းရှင်တချို့ အပါအဝင် ဖမ်းဆီးခံရသူတွေ ဆက်တိုက်ရှိလာ၊အဖမ်းခံရသူတချို့ကို သိန်းရာချီတောင်းယူ ပြန်လွှတ်ပေးပြီး ဆက်လက်ဖမ်းထားသူတွေလည်း ရှိနေ

နန်းယု/MFP၊ ဇူလိုင် ၂၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်အုပ်စုက ဖမ်းဆီးပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်လာပြီး ဒီရက်ပိုင်း အဖမ်းခံထားရသူတွေထဲမှာ ထိပ်တန်းကျောက်လုပ်ငန်းရှင်တွေပါ ပါဝင်တယ်လို့ ‌မိုးကုတ်မြို့ခံတွေက MFP ကိုပြောပါတယ်။

မိုးကုတ်မြို့မှာ လွန်ခဲ့တဲ့ တစ်လကျော်ကစပြီး လူငယ် အယောက်(၃၀)ဝန်းကျင် အပါအဝင် ဖမ်းဆီးခံရသူတွေနဲ့ ပျောက်ဆုံးနေသူတွေ ရှိလာခဲ့တာပါ။

မနေ့က ဇူလိုင် ၂၂ ရက် ညပိုင်းကလည်း ကား ၅ စီးခန့်နဲ့ မြို့အတွင်း လှည့်လည်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်က အမျိုးသမီးတစ်ဦးအပါအဝင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူတချို့ကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“မနေ့ည(ဇူလိုင် ၂၂)က အောင်ချမ်းသာရပ်ကွက်က အဖမ်းခံရတဲ့ အမျိုးသမီးတစ်ယောက်က ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံရတဲ့ ကျောက်မြတ်ကော်မတီဝင် အမျိုးသမီးတို့နဲ့ ဆက်စပ်လားတော့ မသိဘူး။ နံပါတ် ၁ ကနေ ၅ အတွင်းဝင်တဲ့ သူဌေးတွေထဲကပဲ” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်ချိန်က မြို့ကထွက်ခွါသွားတဲ့ ကျောက်လုပ်ငန်းရှင်တချို့ဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး စစ်အုပ်စုဟာ အဲဒီသူတွေကို အဓိကပစ်မှတ်ထား ငွေညှစ်ဖို့ ဖမ်းဆီးနေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်မှာ အဖမ်းခံရသူတချို့ကို စစ်အုပ်စုက ကျပ်သိန်းရာချီ တောင်းယူကာ ပြန်လွှတ်ပေးတာမျိုးတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဆက်လက်ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ဖမ်းဆီးခံရသူ အရေအတွက်နဲ့ လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“ရပ်ကွက်တိုင်းတော့ မထင်ရင် မထင်သလို ချနေတာ။ အဲလိုကျတော့လည်း မစုံစမ်းနိုင်ဘူး။ ပါသွားပြီဆိုမှ သိရတာ။ ဖမ်းခံထားရတာ သိပ်မရှိဘူး၊ ပြန်လွှတ်တာများတယ်။ အဓိက ပိုက်ဆံရှာတာလို့ ထင်တယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မိုးကုတ်မြို့တွင်း ရပ်ကွက်တွေကို စစ်ဆေးရာမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေတာတွေပါ လုပ်လာခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီအပတ်ထဲမှာပဲ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ချမ်းသာကြီးထမင်းပေါင်းဆိုင်၊ မြစ်သားထမင်းဆိုင်တို့အပြင် ကျောက်မျက်ရုံးနဲ့ ဆက်နွယ်သူတချို့လည်း ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ လက်ရှိ ဖမ်းဆီးခံရသူတွေဟာ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ TNLA၊ PDF တို့နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲခံရသူတွေ၊ PDF ရဲဘော်မိသားစုဝင်တွေနဲ့ CDM ဝန်ထမ်းမိသားစုဝင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“ PDF ထောက်ပို့ဆိုပြီး ။ အကုန်ဖမ်းတာ။ ရှေ့ရက်ပိုင်းက ဖမ်းတဲ့သူအကုန်တော့ ပြန်လွှတ်တယ်။ သူတို့ ဖမ်းထားတဲ့ အထဲက ချမ်းသာကြီး မြစ်သား ထမင်းဆိုင်က လင်မယား နှစ်ယောက်တော့ ကျန်တယ်။ ပြန်မလွတ်သေးဘူး။ “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၆ ရက် ည ၇ နာရီခန့်ကလည်း မိုးကုတ်မြို့၊လယ်ဦးလက်ဖက်ရည်ဆိုင်အနီးမှာ စစ်ကားသုံးစီး ရပ်ထားတာတွေ့ရပြီးနောက် လူငယ်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဇူလိုင် ၁၁ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီနဲ့ အုတ်အင်းရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးကို စစ်အုပ်စုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဖမ်းခံရသူရဲ့ ညီဖြစ်သူဟာ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ဇနီးဖြစ်သူကလည်း CDM ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။

အခုလို မိုးကုတ်မြို့အတွင်း စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် လတ်တလောမှာ ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီး၊ ၂၀၂၅ခုနှစ် နိုဝင်ဘာမှာ တရုတ်ရဲ့ ဖိအားကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို TNLA က စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။ အဲဒီနောက် လေးလအကြာ ဖေဖေါ်ဝါရီလ ဒုတိယပတ်ကစပြီး အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်လာခဲ့တာလည်းဖြစ်ပါတယ်။

Related Articles

Back to top button