
ကျီးညို/MFP၊ ဇူလိုင် – ၂၅
အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD လက်အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မန္တလေးတိုင်း တာဝန်ခံကို NDAA ခေါ် မိုင်းလားအဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က ဖမ်းဆီးပြီးနောက် အာဏာသိမ်း စစ်အုပ်စု လက်ထဲ လွှဲပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
ခရီးသွားရင်း မိုင်းလားနယ်ထဲ ရောက်ရှိနေ့တဲ့ မန္တလေးတိုင်း ပကဖ တာဝန်ခံကို ဇူလိုင် ၂၃ ရက် ညပိုင်းအချိန် မိုင်းလားအဖွဲ့က တည်းခိုတဲ့နေရာကို လာရောက် ခေါ်ဆောင်ပြီးနောက် စစ်အုပ်စု လက် အပ်လိုက်တာလို့ မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။
“ကျွန်တော်တို့ ဆီမှာတော့ သူနဲ့ အဆက်အသွယ် ပြတ်နေတယ်။ အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်။ အတည် ပြုလို့တော့ မရဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေကြတာ” လို့ မန္တလေးတိုင်း အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တစ်ခုရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း ပကဖ တာဝန်ခံရဲ့ ဇနီးဖြစ်သူကို ရှမ်းပြည်၊ ကျိုင်းတုံနယ်အတွင်းရှိ စစ်အုပ်စု ငွေညှစ်ဂိတ်မှာ စစ်အုပ်စုက ဦးစွာ ဖမ်းမိပြီးနောက် စစ်အုပ်စုက NDAA မိုင်းလားအဖွဲ့ကို စေခိုင်း တာကြောင့် မိုင်းလားအဖွဲ့က တိုင်း ပကဖ တာဝန်ခံကိုပါ ဆက်လက် ဖမ်းဆီးပြီး စစ်အုပ်စု လက်အပ်တာလို့ လူထုခေတ် သတင်းဌာနက ဖော်ပြပါတယ်။
မန္တလေးတိုင်း ပကဖ တာဝန်ခံ ဖမ်းဆီးခံရပြီး စစ်အုပ်စုထံ လွှဲပြောင်းပေးခံရတယ်ဆိုတာ ဟုတ်မှန် တယ်လို့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်အဆင့် ပကဖတွေ၊ စုစုပေါင်း သုံးဦးကလည်း MFP ကို အတည်ပြုပါတယ်။
“ဖမ်းခံရတာက ကွန်ဖမ်း(အတည်ပြု) ဖြစ်တယ်။ ဖြစ်တာက နှစ်ရက်လောက်ရှိပြီ။ လာခေါ်သွားတာက NDAA မိုင်းလားအဖွဲ့က လာခေါ်သွားတာလို့ သူ့ PA (ကိုယ်ရေးအရာရှိ) က ပြောတယ်” လို့ မြို့နယ် ပကဖ တာဝန်ခံ တစ်ဦးက ပြောပြီး နောက်တစ်ဦးကလည်း “အစောပိုင်းက ဖုန်းပျက်သွားတယ်လို့ သိရတာ၊ ဖမ်းဆီး ခံရတယ် ဆိုတာကို မနေ့ကည (ဇူလိုင် ၂၄) မှ သိရတာ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကို MFP က ဆက်သွယ် မေးမြန်းရာ “ကျနော်တို့တော့ အတည်မပြုပေးနိုင်သေးပါဘူးဗျ” လို့ ဖြေကြားပါတယ်။
စစ်အုပ်စုဟာ တရုတ်နဲ့ ပေါင်းပြီး ရှမ်းမြောက်ဒေသရှိ တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းဖို့ ကြိုးစာနေပါတယ်။
NDAA မိုင်းလားအဖွဲ့ဟာ တရုတ်နယ်စပ် မိုင်းလားမှာ အခြေစိုက်ပြီး စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
NDAA မိုင်းလားအဖွဲ့က ဖမ်းပြီး စစ်အုပ်စု လက်ထဲ အပ်လိုက်တယ်လို့ သတင်းထွက်နေတဲ့ မန္တလေးတိုင်း ပကဖ တာဝန်ခံ/Photo – CJ



