
အဖွားတစ်ဦး သေဆုံး၊ အိုးအိမ်နဲ့ ယာဉ်ယန္တရားတွေ မီးလောင်ပျက်စီး၊
နန်းယု/MFP၊ ဇူလိုင် – ၂၅
စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦး-ကန့်ဘလူနယ် မြို့သုံးမြို့အစပ်မှာရှိတဲ့ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ မွေးဇာတိရွာ ဖြစ်တဲ့ မုံလှစံပြကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဒီနေ့ ဗုံးကြဲသတ်ဖြတ်လို့ အဖွားအိုတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၅ ရက် ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်အုပ်စုရဲ့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ မုံလှကျေးရွာကို ဗုံးပတ်ကြဲတာ ဖြစ်ပြီး ကျေးရွာအတွင်း နေအိမ်တွေပေါ် ဗုံးသုံးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးဒဏ်ကြောင့် ပြည်သူနေအိမ် လေးလုံး မီးလောင်၊ပျက်စီးသလို AD Van ကား တစ်စီး၊ ထွန်စက် တစ်စီး၊ ပုဇဉ်းခေါင်းထွေလာဂျီ တစ်စီး၊ Click ဆိုင်ကယ် တစ်စီးနဲ့ စပါးတိုက် တစ်လုံးလည်း မီးလောင် ပျက်စီးဆုံးရှုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးကျတဲ့နေရာက တောင်သူလယ်သမားအိမ် ဖြစ်ပြီး ထွန်စက်တွေ၊ ကားတွေ၊ စက်သုံးဆီပေပါ ရှစ်ပေပါလောက် ရှိတယ်။ ဗုံးသီးက ဆီပေပါတွေရှိတဲ့ နေရာကို ကျသွားတော့ မီးက ပိုပြီး ကူးစက် လောင်ကျွမ်းသွားပြီး အိမ်ပူးအိမ်ကပ် သုံးလုံးအထိ မီးလောင်ပျက်စီးသွားတယ်” လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ နှစ်ဦးအနက် တစ်ဦးမှာ လက်နဲ့ လည်ပင်းတို့ မီးလောင်ဒဏ်ရာနဲ့ အရေပြား ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး နောက်တစ်ဦးကတော့ လက်မောင်းဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီထဲမှာ ထိခိုက်တဲ့ အဖွားအိုဆိုရင် သူက အသက် ၆၀ အရွယ်လည်း ဖြစ်တယ်။ ဒေသခံတွေတွေရဲ့ ပြောကြားချက်အရ ဒီအဖွားအိုက နားလည်း နည်းနည်းလေးတယ်။ ဂျိုင်အိုကော်ပတာ ချတဲ့ အချိန်မှာလည်း ကျသွားတဲ့ အိမ်ကလည်း တောင်သူ လယ်သမားရဲ့ အိမ်၊ အဲအိမ်မှာ ထွန်စက်တွေ ရှိတယ်။ စက်သုံးဆီနဲ့ ပတ်သက်တာတွေရှိတော့ ဆီပေပါတွေ လောင်ထားတယ်။ ဆီပေပါ ရှစ်ပေပါ ရှိတယ်။ ကံဆိုးချင်တော့ ဂျိုင်အိုကော်ပတာချတဲ့ အိမ်က ဆီပေပါ ရှစ်ပေပါရှိတဲ့ အိမ်ရဲ့ အနီးတဝိုက်မှာ ကျတယ် ဆိုတော့ မီးလောင်လွယ်သွားတယ်။ အိမ်ပူးအိမ်ကပ်တွေနဲ့ အိမ်သုံးအိမ်ပျက်စီးတယ်။ အဲဒီ ကြားထဲမှာမှ အဖွားအိုက မီးလောင်ပြီး သေဆုံးသွားတယ်။ အိမ်နီးပတ်ခြာလည်မှာ အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားကတော့ လည်ပင်း၊ လက်တွေမှာ အရေပြားတွေ ပေါက်ပြဲလန်ကုန်တယ်။ သူကတော့ မီးလောင်ပြင်ကြားက ထွက်လာနိုင်တယ်။ အဖွားအိုကတော့ ရုတ်ရုတ်သည်းသည်း ဖြစ်တဲ့အချိန်မှာ အဖွားအိုကတော့ မီးထဲ ကျန်ခဲ့တာပေါ့နော်“

သေဆုံးသူ အဖွားဟာ အသက် ၆၀ ဝန်းကျင်အရွယ် ဖြစ်ပြီး အကြားအာရုံ ချို့ယွင်းမှုရှိသူ ဖြစ်ကာ ဂျိုင်ရိုကော်ပတာတွေ ဝင်ရောက်လာချိန် ဒေသခံအများစု ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့ပေမယ့် အဖွားအိုမှာ အချိန်မီ မလွတ်မြောက်နိုင်ဘဲ မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ခင်ဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇူလိုင် ၁၃ ရက်ကလည်း ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ငါးတင်းကြီးကျေးရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အလုံး ၂၀ ပျက်စီးခဲ့ပါတယ်။ ဇူလိုင် ၉ ရက်ကလည်း သာဝတ္ထိကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေမှာ စစ်အုပ်စုက ညဘက်အချိန်တွေမှာ ကင်းထောက် ဒရုန်းတွေကို မကြာခဏ ပျံသန်းနေလို လေကြောင်း အန္တရာယ်ကို ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။


ခင်ဦးနယ် မုံလှရွာကို စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ခင်ဦးမုံလှရွာ #ခရစ္စယာန်ဘုန်းတော်ကြီးကာဒီနယ်ချားစ်မောင်ဘို



