
သုထက်/MFP၊ ဇူလိုင် – ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မြစ်တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်မှာ ဘောလုံး ကစားနေသူတွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ လူငယ်တွေ လွတ်အောင်ပြေးနိုင်လို့ အသက်မသေဘဲ ဒဏ်ရာရသူတွေသာ ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၅ရက် ဒီကနေ့ ညနေ ၃နာရီကျော်အချိန် မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ဘောလုံးကွင်းကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်လေယာဉ် ပျံဝဲလာချိန် ဝရုန်းသုန်းကား ထွက်ပြေးကြလို့ သေဆုံးသူ မရှိဘဲ ဘောလုံးကွင်းအနီး ဘုန်းကြီးကျောင်းထဲရှိ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ ၁၈နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ဗုံးထိမှန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဗုံးထိမှန်လို့ ဘောလုံးပွဲကို လာရောက်သူတွေရဲ့ ဆိုင်ကယ် ခြောက်စီး မီးလောင်ပျက်စီးသလို ဘောလုံးကွင်းအနီးရှိ ဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံတွေ ပျက်စီးတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“ထိခိုက်မှုက ရှပ်ထိပဲ မစိုးရိမ်ရဘူး၊ ဆိုင်ကယ် ခြောက်စီး မီးလောင်သွားတယ်။ ကံကောင်းတာ ဒီနေ့ ဘောလုံးပွဲက ဖိုင်နယ် (နောက်ဆုံးဗိုလ်လုပွဲ)။ ပွဲမစခင်မို့၊ ပွဲချိန်တွင်းဆို မတွေးရဲစရာပဲ”

အဲ့ဒီကျေးရွာမှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနေတာဖြစ်ပြီး ညနေ ၄ နာရီမှာ ဗိုလ်လုပွဲ စတင်ကန်မှာ ဖြစ်ကာ စစ်အုပ်စုက ဗုံးလာကြဲချိန် ဘောလုံးပွဲ မစသေးဘဲ ပြင်ဆင်နေတုန်းမို့ သေဆုံးတာ မရှိဘဲ သက်သာရာ ရခဲ့တာလို့ ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဆားလင်းကြီးနယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဆားလင်းကြီး #ဘောလုံးကွင်းဗုံးကြဲ



