စစ်ကိုင်းသတင်း

ဖောင်းပြင်မှာ စစ်အုပ်စု ရိက္ခာသယ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး၊ဒေသခံထောင်ချီ မိုးရေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရ

MN/MFP ၊ ဇူလိုင် – ၂၇

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ စစ်အုပ်စု ရိက္ခာသယ်သင်္ဘောတွေက ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဟုမ္မလင်းမြို့ကို ရိက္ခာသွားပို့ပြီး ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေက ဇူလိုင်လ ၂၆ရက် မနေ့က ညနေပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မြစ်ကမ်းဘေးရှိ သရောင်းကျေးရွာက ဘုန်းကြီးကျောင်းအပါဝင် နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“မီးလောင်တာက အိမ်တစ်အိမ်ပဲ။ လက်နက်ကြီးနဲ့ပစ်လို့ မှန်တဲ့အိမ်တွေက များတယ်။ ပရိယတ္တိ စာသင်တိုက်လည်း ထိခိုက်တယ်။ ဒေသခံတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”လို့ ဖောင်းပြင်နယ် ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ချင်းတွင်းမြစ်ကမ်းဘေးက သရောင်းစံပြကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့သလို လေကြောင်းကနေလည်း Mi-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရိက္ခာသယ်သင်္ဘောတွေက ဖောင်းပြင်မြို့မှာ ဆိုက်ကပ်ရပ်နားထားတာကြောင့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာတွေဖြစ်တဲ့ သရောင်း၊ ထောမဆိပ်၊ ပိုးစာကုန်း၊ နောင်ရင်း၊ ကော်ကမ်း၊ ညောင်ပင်သာ၊ မင်းယား၊ ဆွတ်နန်း၊ ဇီးဖြူကုန်း၊ ဒိုးခြုံ စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ မိုးရေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပြည်သူတွေကတော့ အခုလက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေကြတယ်။ လူဦးရေကတော့ များတယ်။ အခက်အခဲတွေကတော့ ပြေးရတဲ့ လမ်းတွေက ရေကျော်နေတော့ ကူးတို့နဲ့ ကူးရတာတွေရှိတယ်။ မြစ်ရေကလည်း ကြီးနေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ချင်းတွင်းမြစ်တလျှောက်မှာရှိတဲ့ မုံရွာ၊ ကနီ၊ မင်းကင်းမြို့တွေအပါဝင် မြစ်အထက်ပိုင်းမှာရှိတဲ့ ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့မြို့တွေကို စစ်အုပ်စုက လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေကို သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်နေချိန်မှာ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတာနဲ့ သင်္ဘောပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်၊သေဆုံးတာနဲ့ စစ်ဘေးတိမ်းရှောင်ရတာတွေ မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ မန္တလေးကနေ စတင် ထွက်ခွာလာတဲ့ စစ်သ‌င်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် စုစုပေါင်း ၄၂ စီးဟာ အသုတ်လိုက်ခွဲကာ မုံရွာကတဆင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့တာပါ။ အခုအခါ စစ်အုပ်စု ရေယာဉ်တချို့က ဟုမ္မလင်းမြို့ကို ရိက္ခာသွားပို့ပြီးနောက် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာချိန်မှာ မြစ်ကမ်းနံဘေးရွာတွေကို အခုလို ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ရက်နဲ့ ၁၆ရက်တွေကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖောင်းပြင်မြို့ဆီ ဆန်တက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို တော်လှန်ရေးတပ်တွေက နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်အုပ်စုရဲ့ ဖလက်မော်တော် သုံးစီး ပျက်စီးပြီး တစ်စီး နစ်မြုပ်ကာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု အများအပြားလည်း သေဆုံးတယ်လို့ ‌သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

ဇူလိုင် ၂၆ရက်က ဖောင်းပြင်မြို့နယ်မှာ စစ်အုပ်စု ရိက္ခာသယ်သင်္ဘောတွေက ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ထိခိုက်ပျက်စီးသွားတဲ့ ဘုန်ကြီး​ကျောင်းနဲ့ နေအိမ်တွေ/ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button