စစ်ကိုင်းသတင်း

​စစ်ကိုင်းမှာ စစ်အုပ်စုက စာသင်ကျောင်းကို ဗုံးကြဲ၊

ပြည်သူ နှစ်ဦး သေဆုံပြီး ကျောင်းဆောင်နဲ့ နေအိမ်တွေ ပျက်စီး၊

ဝင်းသိန်း/MFP၊ ဇူလိုင် – ၂၈

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်း၊ တလိုင်းကျွန်းကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်း စစ်အုပ်စုက ညသန်းခေါင်အချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ စာသင်ကျောင်းအနီး နေအိမ်ထဲပါ ဗုံးတွေ ကျရောက် ပေါက်ကွဲပြီး ကိုယ့်အိမ်မှာကိုယ် အိပ်ပျော်နေတဲ့ ရွာခံပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၂၆ ရက် ညသန်းခေါင် ၁၂ နာရီအချိန် တလိုင်းကျွန်းကျေးရွာ စာသင်ကျောင်းနဲ့ ရွာပေါ်ကို စစ်အုပ်စုက ဗုံးပတ်ကြဲတာဖြစ်ပြီး ကျေးရွာ စာသင်ကျောင်းအတွင်းရှိ ကျောင်းဆောင် လေးခု ဗုံးထိမှန် ပျက်စီးသလို အနီးအနားရှိ ပြည်သူ့လူနေအိမ် သုံးလုံးလည်း ပျက်စီးကာ အသက်ကြီးပိုင်းအရွယ် ရွာခံ ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

“ကျေးရွာမှာက ပြည်သူတွေပဲ သီးသန့်နေကြတာပါ။ ဘာတိုက်ပွဲမှလည်း မရှိဘူး၊ တော်လှန်ရေးအဖွဲ့တွေ အထိုင်ချ ထားတာလည်း မရှိပါဘူး။ စစ်အုပ်စုက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲ သတ်ဖြတ်တာလို့ပဲ မြင်ပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

​တလိုင်းကျွန်းကျေးရွာဟာ စစ်ရေးလှုပ်ရှားမှု မရှိတဲ့ ကျေးရွာဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုဘက်က စစ်ကြောင်းထိုးတာမျိုး မရှိသလို တော်လှန်ရေး အဖွဲ့အစည်းတွေလည်း အထိုင်ချ တပ်စွဲထားတာမျိုး မရှိဘဲ စစ်အုပ်စု ညသန်းခေါင် လူအိပ်ချိန်မှာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းနဲ့ ဝက်လက်နယ်အစပ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံးမြို့ရွာတွေ ပြန်ရရေးအတွက် စစ်အုပ်စုက ပေးတာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အသုံးပြုကာ တန်ပြန် စစ်ကြောင်းထိုးတာတွေ လုပ်နေသလို အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲတာ၊ လက်နက်ကြီး ရမ်းကားပစ်ခတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အဲ့ဒီ ဗုံးကြဲမှုတွေကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းရွာ စာသင်ကျောင်းကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲလို့ ကျောင်းဆောင်နဲ့ အနီးဝန်းကျင် နေအိမ်တွေ ပျက်စီးကာ ပြည်သူ နှစ်ဦး သေဆုံးခဲ့စဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဝက်လက် #ညသန်းခေါင်ရွာပေါ်ဗုံးကြဲ

Related Articles

Back to top button