
ကျောင်းသား ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်အုပ်စုက ဖမ်းပြီးနောက် သတင်းအမှောင်ချကာ စစ်ကြောရေးမှာ ရက်ရှည် ညှဉ်းပန်းခဲ့၊
Phoenix/MFP ၊ ဇူလိုင် ၂၉
မန္တလေးမြို့ပေါ်မှာ ငြိမ်ချမ်းစွာ ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတွေ အပါအဝင် သမဂ္ဂကျောင်းသားနဲ့ သပိတ်အဖွဲ့ဝင် လူငယ် ကိုးဦးကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးကာ အမှုဆင်တရားစွဲပြီးနောက် အိုးဘိုထောင်တွင်း တရားရုံးကနေ ဇူလိုင် ၂၈ရက်မှာ ရှစ်ဦးကို ထောင် ၃၇ နှစ်စီနဲ့ တစ်ဦးကို ထောင် ၂၇နှစ် ချလိုက်တယ်လို့ ထောင်ချခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်က မန္တလေးစျေးချိုတော်အနီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သူတို့ ဖမ်းမိတဲ့သူ ကိုးဦးကို ဖမ်းဆီးပြီး ခုနှစ်လအကြာမှာ အမှုဆင် ထောင်ချတာ ဖြစ်ပါတယ်။
အဲ့ဒီ မန္တလေးစျေးချိုတော် ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်မြတ်အောင် (ခ) တိုးနယား အပါအဝင် မန္တလေးသပိတ် အဖွဲ့ဝင်နဲ့ သမဂ္ဂ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တဲ့ မချီချီ (ခ) မေချီ၊ ကိုကျော်ဝဏ္ဏ (ခ) စောရှားဒို၊ မစုစုသွယ်၊ ကိုအောင်ကိုဝင်း၊ ကိုဝေလွင်ဦး နဲ့ ကိုသန့်ဇင် တို့ကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (ခ) နဲ့ ရဲစခန်း သုံးခုမှာ အမှုဖွင့်ကာ ထောင်ဒဏ် အနှစ် ၃၀၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ခုနှစ်နှစ်၊ စုစုပေါင်း အမှု လေးမှုအတွက် ထောင်ဒဏ် ၃၇ နှစ်စီ ချခဲ့ပြီး နောက်ထပ် ကျောင်းသား လူငယ် ကိုကျော်အောင် ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်တာလို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) – AFCC က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးပြီးနောက် သတင်းအမှောင်ချကာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်မှာ စစ်အုပ်စုရဲ့ စစ်ကြောရေးမှာ ရက်သတ္တသုံးပတ်နီးပါးကြာ ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။
“ကိုထက်မြတ်အောင် ကတော့ ကျွန်တော်တို့ မှတ်မိသလောက် ဆိုရင် ဖမ်းဆီးခံရ ပြီးတဲ့ အချိန် နှစ်ပတ် နီးပါး၊ နှစ်ပတ်ကျော် သုံးပတ်နီးပါး လောက်ပေါ့နော်၊ သုံးပတ်နီးပါးလောက်က စစ်ကြောရေးမှာ ထိန်းသိမ်းခံရတာ ဖြစ်တယ်။ ဆိုတော့ ဒီ စစ်ကြောရေးမှာ ထိန်းသိမ်းခံရတဲ့ အခြေအနေမှာတော့ ရိုက်နှက်တာတွေ အကြမ်းဖက်တာတွေတော့ ခံခဲ့ရတာ ရှိပါတယ်” လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) – AFCC အတွင်းရေးမှူးအဖွဲ့ဝင် မမေနှင်း က MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကိုထက်မြတ်အောင် ဖမ်းဆီးစဉ်ကလည်း အကြမ်းဖက် ရိုက်နှက်ကာ ဖမ်းဆီးခဲ့သလို ဖမ်းဆီးပြီး နောက်မှာလည်း သတင်းမထုတ်ပြန်ဘဲ စစ်ကြောရေးမှာ ရက်ရှည် ညှဉ်းပန်းခဲ့တယ်လို့ မမေနှင်းက ဆက်ပြောပါတယ်။
“ကိုထက်မြတ်အောင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီ ဖမ်းဆီးစဉ်တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာပေါ့နော်၊ ပြင်ပဒဏ်ရာတွေကတော့ ဒီ ကောင်းသလောက်တော့ ရှိပြီလို့ ပြောလို့ရပါတယ်ပေါ့။ ဒါပေမယ့် ဒီ ကျွန်တော်တို့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘာတွေကို စစ်ဆေးထားတာ မဟုတ်တဲ့ အတွက်ကြောင့်မလို့ ဒီ အတွင်းပိုင်း ဒဏ်ရာတွေ ရှိနေဦးမလားတို့၊ ဒါမှမဟုတ် ဘယ်လိုပုံစံ ဖြစ်ခဲ့လဲဆိုတဲ့ ဟာတွေကျ ကျွန်တော်တို့ အတိအကျ သတင်းရရှိဖို့တော့ ခက်ခဲပါတယ်ပေါ့နော်”
ကျောင်းသားလူငယ် ကိုထက်မြတ်အောင်ဟာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာအထိ မန္တလေးမြို့တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ကိုထက်မြတ်အောင်ကို စစ်ကြောရေးမှာ ရည်ရှည်ညှဉ်းပန်းပြီးနောက် ထောင် ၃၇ နှစ် ချထားတဲ့အပြင် နောက်ထပ် အမှုသစ်တွေ ထပ်တိုးဆွဲဖို့ ရှိနေသေးတယ်လို့ သတင်းကြားရတာကြောင့် စိုးရိမ်ရတယ်လို့ မမေနှင်းက ပြောပါတယ်။
“နောက်ထပ် အမှုသစ်တွေကို ထပ်တိုးပြီးတော့ ဆွဲဖို့ရှိတယ်လို့ ကျွန်တော်တို့ နားလည်ထားတယ်။ အမှု တွဲတွေ ဖွင့်ထားတာ ရှိသေးတယ်ပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုး အမှုတွေ ထပ်ပြီး ရင်ဆိုင်ရတဲ့ အခါမှာ ထပ်ပြီး ညှဉ်းပန်း နှိပ်စက်ခံရတာတွေ ရှိဦးမလားဆိုတဲ့ ဟာတော့ ကျွန်တော်တို့ အထူး စိုးရိမ်ရပါတယ်”
၂၀၂၅ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက မန္တလေးဈေးချိုမှာ သပိတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး စတဲ့ အင်အားစုတွေ ဦးဆောင်ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ် (Silent Strike) လှုပ်ရှားမှုမှာ မြို့ခံပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့၊ လူထုသဘောထားဆန္ဒ တောင်းဆိုချက် သုံးချက်ဖြစ်တဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ရေး၊ အဓမ္မ စစ်မှုထမ်း ဥပဒေကို ဖျက်သိမ်းရေးစတဲ့ အချက်တွေနဲ့ ဆန္ဒထုတ်ဖော် ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဆန္ဒထုတ်ဖော်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မေချီ (ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနဲ့ အမျိုးသား လေးဦး (စိစစ်ဆဲ)တို့ကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ -၂၃(ခ)နဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် -၆ နယ်မြေရဲစခန်းမှာ (ပ) ၇၆/၂၀၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စုက ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုက ရေးဆွဲထားတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောက်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(ခ) အရ အမှုဖွင့်တရားစွဲဆိုခံရပါက အနည်းဆုံး ငါးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပြီး စစ်အုပ်စုက အထက်ပါ မန္တလေးက လူငယ် ကိုးဦးကို အမြင့်ဆုံး ထောင်ဒဏ် ချလိုက်တာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သူတွေကို ထင်သလို ပုဒ်မတပ်ပြီး အမှုဆင် ထောင်ချခြင်း ဖြစ်ကာ လုံလောက်တဲ့ ခုခံချေပခွင့် မပေးခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ အိုးဘိုထောင်တွင်း တရားရုံးက ကျောင်းသူလူငယ် ကိုးဦးကို ထောင် ၃၇နှစ်စီနဲ့ ၂၇နှစ် အသီးသီး ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမိန့်ချတဲ့ တရားခွင်ကို မိသားသုတွေ တက်ရောက် နားထောင်ခွင့် ပေးခဲ့ပေမယ့် လုံလောက်တဲ့ ခုခံချေပခွင့်မရခဲ့ဘူးလို့ AFCC (မန္တလေး) အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်း က ပြောပါတယ်။
“အမိန့်ချတဲ့ အချိန်မှာလည်း ဒါ ရှေ့နေရော မိသားစုရောက နားထောင်ခွင့်တော့ ရခဲ့ပါတယ်။ နားထောင်ရုံပဲ နားထောင်ခွင့် ရခဲ့တာလို့ ပြောလို့ရတယ်ပေါ့နော်။ ဒီ ဥပဒေကြောင်းအရ ဆိုရင် လုံလောက်တဲ့ ခုခံ ချေပမှုတွေကို စစ်တပ်က ခွင့်ပြုထားတာ မဟုတ်ဘူးဆိုတော့ ဒီအခြေအနေက ရှေ့နေ၊ မိသားစု တွေ့ခွင့်ရတဲ့ အဲဒီထက်တော့ ပိုတဲ့ အခြေအနေ မဟုတ်ပါဘူးပေါ့”
တချိန်တည်းမှာပဲ ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း စစ်အုပ်စုက အငြိုးထား ဖိနှိပ်နေပြီး ထောင်ဝင်စာပိတ်တာ၊ တိုက်ပိတ်တာ၊ အလုပ်ကြမ်းခိုင်းစေတာ၊ ရိုက်နှက်ညှဉ်းပန်းတာတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ယခု ၂၀၂၆ ဇူလိုင် ၂၇ရက်အထိ ငါးနှစ်ကျော်အတွင်း အာဏာသိမ်း စစ်အုပ်စုက တနိုင်ငံလုံးမှာ ပြည်သူ ၃၁,၅၉၆ ဦးကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက ၁၈,၅၉၀ ဦးကို အမှုဆင် ထောင်ချကာ အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ထားတယ်လို့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – AFCC (MDY)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ဆန္ဒပြသပိတ် #ကျောင်းသားလူငယ်



