
ပြည်သူတွေ အသက်လု ထွက်ပြေးကြရပြီး ဆန်၊ ဆီ၊ ကား၊ ဆိုင်ကယ်တွေ ကျပ်သိန်းထောင်ချီ ပါသွား၊
မောင်သက်၊ မှုးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ – ၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲနေ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်း အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းကာ ဓားပြတိုက်ပြီး ကျပ်သိန်းထောင်ချီ တန်ဘိုးရှိ ပြည်သူပိုင် ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၈ရက် ဒီကနေ့ မနက် ၁၀နာရီကျော်အချိန် ပုလဲမြို့ပေါ်နေ စစ်အုပ်စု အင်အား ၁၅၀ လောက်နဲ့ ပုလဲမြို့ရဲ့ အနောက်ဘက်ပိုင်းရှိ ကြိုးကြာဥနဲ့ ရွာထင်ကျေးရွာတွေကို စီးနင်းလုယက်၊ ဓားပြတိုက်တာလို့ ဆိုပါတယ်။
“ရုတ်တရက် စစ်ကြောင်းဝင်လာတော့ အကုန်လုံး ပိတ်မိတဲ့သူက ပိတ်မိ၊ ပြေးတဲ့သူက ပြေးရတာ။ ပဲ၊ နှမ်း၊ ဆန်၊ ဆီ၊ အိမ်သုံးပစ္စည်း၊ ရတာအကုန် ကားနဲ့တင်ပြီး သယ်ထုတ်သွားတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကြိုးကြာဥရွာဟာ ပုလဲမြို့နဲ့ နီးကပ်စွာ တည်ရှိပြီး ရွာထင်ရွာဟာလည်း ပုလဲမြို့နဲ့ နှစ်မိုင်ခန့်သာ ကွာဝေးကာ စစ်အုပ်စုက အဲ့ဒီ ရွာနှစ်ရွာကို စီးနင်းကာ တန်ဘိုးရှိပစ္စည်းမှန်သမျှ ဖောက်ထွင်းလုယက် ဓားပြတိုက်တာလို့ ဆိုပါတယ်။
“ကြိုးကြာဥနဲ့ ရွာထင်(ရွာ)တို့ ရွာထဲကို ဝင်တာတော့ မနက်ပိုင်း ၁၀နာရီကျော်လောက်။ ကျေးရွာတွေထဲက ရှိတဲ့ပစ္စည်းတော့ အကုန် ယူသွားတယ်။ ရုတ်တရက် ရွာထဲ ဝင်လာမှ ပြည်သူတွေက သိကြတာ၊ ဒီကာလ တောင်သူလုပ်ငန်းခွင် ဝင်တဲ့ကာလဆိုတော့ အများစုက တောထဲ လုပ်ငန်းခွင် ဝင်နေကြတော့ မသိကြဘူးပေါ့။ ကြိုးကြာဥဆို ပုလဲနဲ့က လှမ်းခေါ်ရင်တောင် ကြားရတဲ့ အနေအထားကိုး၊ ရွာထင်ကတော့ ကြိုးကြာဥရဲ့ တောငဘ်ဘက်။ ရွာချင်းကလည်း ကပ်နေတာဆိုတော့။ ကြိုးကြာဥ ဝင်ပြီးတာနဲ့ တခါတည်း ရွာထင်ဘက်ကို တန်းလာလိုက်တာ။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေကလည်း ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူးလေ။ ရွာထဲဝင်ပြီဆိုမှ သိကြတော့ ဝရုန်းသုန်းကား ပြေးကြရတာ။ ဆိုင်ကယ်တွေ၊ ကားတွေ၊ ထွေလာဂျီတွေ အကုန်လုံး ကျန်ခဲ့တာ။ အဲ့လို ကျန်ခဲ့တော့ ကျန်တဲ့ပစ္စည်း စစ်ကောင်စီက အကုန်လုံး ကားတွေနဲ့ တိုက်ပြီး အကုန်လုံး ယူသွားကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာထင်ကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိကာ တောင်သူလုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာကြီး ဖြစ်ပြီး စစ်အုပ်စု ဖောက်ထွင်းလုယက်၊ ဓားပြတိုက်လို့ ကျပ်သိန်းထောင်ချီ ဆုံးရှုံးတယ်လို့ ဆိုပါတယ်။
အဲ့ဒီရွာတွေထဲ စစ်အုပ်စု ရုတ်တရက် စီးနင်းဝင်ရောက် ဓားပြတိုက်ချိန် ရွာခံပြည်သူတချို့ လွတ်အောင် မပြေးနိုင်ဘဲ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပေမယ့် စစ်အုပ်စုက လူသတ်တာ၊ ညှဉ်းပန်းတာ၊ မီးရှို့တာတွေ မလုပ်ဘဲ ပစ္စည်းယူပြီး လူတွေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြိုးကြာဥနဲ့ ရွာထင်ကျေးရွာတွေကို စစ်အုပ်စုက မနက် ၁၀နာရီကျော်မှာ စတင် စီးနင်းတာ ဖြစ်ပြီး ပဲ၊ နှမ်း၊ ဆန်၊ ဆီ၊ အိမ်သုံးပရိဘောဂ၊ ဆိုင်ကယ်၊ ကား၊ ထွေလာဂျီ စတဲ့ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းလုယက်ကာ ပုလဲမြို့ပေါ် သယ်ယူပြီးနောက် နေ့လည် ၁နာရီကျော်မှာ ပုလဲမြို့ထဲ ပြန်ဝင် သွားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ဦးဇော်ထက် က ပြောပါတယ်။
ပုလဲမြို့ အပါအဝင် စစ်ကိုင်းတိုင်း မြို့၊ရွာတွေရှိ စစ်အုပ်စုဟာ ပုံမှန်အခြေအနေမှာ အပြင်မထွက်ရဲဘဲ စခန်းတွေထဲသာ ခိုအောင်းနေကြပြီး ရိက္ခာပြတ်ပြီး ငတ်လာချိန်နဲ့ အထက်အဆင့်က ခိုင်းစေချိန်တွေမှာတော့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့တာတွေ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။

ရွာမီးရှို့၊ လူသတ်၊ လုယက်ပြီး ပြန်လာတဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က စစ်အုပ်စုကို အချင်းချင်း ကြိုဆိုနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ပုလဲ #ရွာထင်ရွာဓားပြတိုက်



