သတင်း

ရွှေကူအနီး စစ်အုပ်စုရဲ့ အစုန်၊အဆန် ရေယာဉ်တွေကို ထပ်မံ တိုက်ခိုက်ရာ လေးစီး ပျက်၊

မြေပြင်တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်အုပ်စု အလောင်း ၄၀ နဲ့ လက်နက် ၃၀ KIA၊KPDF က ရ၊

နန်းယု/MFP၊ စက်တင်ဘာ – ၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ဒီနေ့ စက်တင်ဘာ ၉ ရက်မှာ ရေယာဉ် လေးစီး ထိခိုက် ပျက်စီးပြီး စစ်အုပ်စုလည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဗန်းမော်ဘက်ကနေ စုန်ဆင်းလာတဲ့ ရေယာဉ် နှစ်စီးနဲ့ မန္တလေးဘက်ကနေ ဆန်တက်လာတဲ့ ရေယာဉ် နှစ်စီးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရွှေကူ၊ စင်းခန်းတံတားအနီးမှာ ရေယာဉ် နှစ်စီး၊ နတ်ခုပ်ဘက်မှာ ရေယာဉ် တစ်စီးနဲ့ ဇင်းဘုံအရှေ့ဘက်၊ အနောက်ကမ်းနားမှာ ရေယာဉ် တစ်စီး ပျက်စီးတာလို့ ဆိုပါတယ်။

“ဒီနေ့ တစ်ရက်တည်း ဗန်းမော်ဘက်ကနေ ပြန်လာတဲ့ စုန်ဆင်းလာတဲ့ သင်္ဘော နှစ်စီးရယ်။ ပြီးတော့ မန္တလေးဘက်က တက်လာတဲ့ နှစ်စီးရယ်။ စင်းခန်းတံတားနားမှာ လေးစီးပေါ့။ တိုက်ခိုက် ဖျက်ဆီး ထားပြီ” လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက MFP ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ရွှေကူမြို့အထက်ပိုင်း ခုံခမ်းဆိပ်မှာ ကမ်းကပ်ထားတဲ့ စစ်အုပ်စုရဲ့ တွန်းသင်္ဘော နှစ်စီးကို တိုက်ခိုက်ခဲ့ရာ စက်ခန်းတွေ မီးလောင်ပျက်စီးတယ်လို့ စစ်ရေး သတင်း ရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာလည်း ရွှေကူနယ်၊ ဇင်းဘုံအရှေ့ဘက်၊ အနောက်ကမ်းနားမှာ စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီးကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကူမြို့ ရွှေအံတော်ကမ်းနားဘက်မှာ စစ်အုပ်စု သင်္ဘောနှစ်စီး မီးလောင်နေတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ယက်မှာ ပြန်ံ့နှံ့နေပြီး ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် စစ်အုပ်စု ရေယာဉ်တွေ မီးလောင်နေတာလို့ ဒေသခံတွေက ရေးသားပြောဆိုထားပါတယ်။

ရေကြောင်းတိုက်ပွဲအပြင် မြေပြင်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကိုလည်း ဒီနေ့ မနက်ပိုင်း စင်းခန်းတံတား ပတ်ဝန်းကျင်မှာ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၈ ယောက် သေဆုံးပြီး လက်နက် ကိုးလက် သိမ်းဆည်း ရရှိခဲ့ကာ စစ်ကြောင်း ဖရိုဖရဲ ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

စင်းခန်းတံတားနဲ့ စင်းခန်းရွာပတ်လည်မှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်တာဖြစ်ပွားခဲ့တဲ့ မြေပြင်တိုက်ပွဲတွေ အတွင်း စစ်အုပ်စု အလောင်း ၄၀ နီးပါးနဲ့ လက်နက် ၃၀ နီးပါး သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

“မနေ့က သေနတ် ၁၉ လက် ရတယ်။ ဒီနေ့မနက် ကိုးလက် ရတယ်။ စစ်အုပ်စုဘက်က အယောက် ၄၀ နီးပါး သေဆုံးပေါ့” လို့ အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

တဖက်မှာလည်း ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ရွှေကူဘက်ရှိ စစ်အုပ်စုအတွက် လေကြောင်းကနေ ရိက္ခာနဲ့ ခဲယမ်းတွေ လာရောက် ချပေးနေတယ်လို့ အဆိုပါ ကချင်စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။

“လေကြောင်းက ရိက္ခာ၊ ခဲယမ်း ချပေးနေကြတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ် အစီး ၃၀ ကျော်အနက် တိုက်သင်္ဘော သုံးစီးနဲ့ သံခွန် တစ်စီးဟာ စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိလာကာ ညအိပ်ရပ်နားပြီးနောက် ဆက်လက် ဆန်တက်လာလို့ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ရွှေကူမြို့အကျော်အထိ ရောက်ရှိပြီး ကျောက်ချ ရပ်နားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၉ရက်မှာ အဲ့ဒီ သင်္ဘောတွေ ရွှေကူကနေ အထက်ကို ဆက်လက် ဆန်တက်ချိန် KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်တာ ဖြစ်ပါတယ်။

ရွှေကူမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ရေကြောင်းတိုက်ပွဲတွေဟာ ဩဂုတ်လကုန်ပိုင်းကတည်းက စစ်အုပ်စုရဲ့ ရေယာဉ်အုပ်စု ဗန်းမော်ဘက်ကို ဆက်လက်ချီတက်နိုင်ရေး ကြိုးပမ်းမှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဩဂုတ်လကုန်ပိုင်းက စင်းခန်းတံတားအနီးရှိ စစ်အုပ်စုရဲ့ ဇင်းဘုံ ဗျူဟာကုန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက်ကလည်း ရွှေကူကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ ရေယာဉ် ရှစ်စီး ထိခိုက်ပျက်စီးပြီး စစ်သုံ့ပန်း ၂၀၀ နီးပါး ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ရွှေကူနယ် အပါအဝင် ဧရာဝတီမြစ်ရိုးတလျှောက် မြို့၊ရွာတွေကို ဗုံးပတ်ကြဲနေသလို စက်တင်ဘာ ၅ရက်ကလည်း ရွှေကူနယ်ရှိ ဧရာဝတီမြစ်ကူးတံတားကြီး တစ်စင်းဖြစ်တဲ့ စင်းခန်းတံတားကို စစ်အုပ်စုက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

စင်းခန်းတံတားဟာ ကားနဲ့ရထားတွေ ဖြတ်သန်းသွားလာနိုင်တဲ့ သံမဏိသံဘောင် တံတားကြီး ဖြစ်ပြီး စစ်အုပ်စု ဗုံးကြဲလို့ တံတားရဲ့ အရှေ့ဘက်အခြေ သံဘောင်တွေ ကွေးညွတ်ကာ တံတားကြမ်းပြင် ပေါက်ထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည် ဗန်းမော်မြို့မှာ ၂၀၂၄ ကတည်းက KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပြီး  အာဏာသိမ်း စစ်အုပ်စုက ဗန်းမော်မြို့ မကျရေး အသေခံ ခုခံနေကာ လက်ရှိမှာ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချပြီး ရွှေကူကနေ ဗန်းမော်မြို့ဘက် ကုန်းကြောင်းနဲ့ ရေကြောင်းတွေကနေ စစ်ကြောင်းထိုး၊ အင်အားဖြည့် စစ်ကူပို့နေလို့ ဩဂုတ်လကုန်ပိုင်းက စတင်ကာ ရွှေကူနယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

KIA ရဲ့ တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ နယ်မြေဖြစ်တဲ့ ရွှေကူဘက်ကို စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆၊ ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ တပ်မ ၈၈ ခေါ် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃၇၈၊ ခမရ ၄၁၆ စတဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့တွေက ခြေလျင်စစ်ကြောင်း၊ စက်လှေတွေနဲ့ ရေကြောင်းကနေ ဝင်လာတဲ့ စစ်ကြောင်း၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ရွှေကူနယ် ဇင်ဘုံးကျေးရွာ ဗျူဟာကုန်း ပြန်ရရေး အပြင်းအထန် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ကချင် စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#ရွှေကူစင်းခန်းတံတား #ကချင် #ဗန်းမော် #ဧရာဝတီမြစ်ကူးစင်းခန်းတံတား

Related Articles

Back to top button