တံတားဦး လေတပ်စခန်း ဒရုန်းတိုက်တဲ့ အထူးစစ်ဆင်ရေး တိုက်လေယာဉ် လေးစီး ထိကာ နှစ်စီးပျက်၊

မြေပြင်တိုက်ပွဲ ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်အုပ်စု ငါးယောက် သုတ်သင်နိုင်ကာ တော်လှန်ရေး ရဲဘော် သုံးဦး ကျ၊
ဒရုန်းစစ်ဆင်ရေးမှာ အမျိုးသမီး ရဲမေတွေ ပါဝင်၊
ဒေါ်လာ/MFP၊ စက်တင်ဘာ – ၁၁
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းကို အထူးစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် လေးစီးထိမှန်ပြီး နှစ်စီး ပျက်စီးတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
အဲ့ဒီ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ အထူးစစ်ဆင်ရေးအတွင်း အမျိုးသမီး ရဲမေတွေပါ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းရှိ ပြည်သူကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ တံတားဦး လေတပ်စခန်းကို “အထူးစစ်ဆင်ရေး “အဖြစ် စက်တင်ဘာ ၁၀ရက် မွန်းလွဲ ၁နာရီခွဲမှာ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)၊ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁) ၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၂) မဟာမိတ်ပူးပေါင်းအဖွဲ့တို့က FPV (Drone) တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ခိုက်မှုကြောင့် တံတားဦး လေတပ်စခန်းအတွင်းရှိ jet Fighter လေးစီး ထိမှန်ခဲ့ပြီး ထို jet Fighter လေးစီးအနက် jet Fighter နှစ်စီးမှာ ပျက်စီးခဲ့သည်” လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်းက ဖော်ပြပါတယ်။
ဒါ့အပြင် လေတပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း တံတားဦးမြို့နယ် ၊ အလယ်ကျေးရွာအနီး အင်အား ၄၀ လောက်နဲ့ လှည့်ပတ်နေတဲ့ စစ်အုပ်စုရဲ့ ယာယီ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် မျိုးလှိုင်ဦး ဦးစီးတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၊ မန္တလေးခရိုင်အမှတ်(၃)တပ်ရင်း ၊ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း ၊ ကျောက်ဆည်ခရိုင် အမှတ်(၄)တပ်ရင်း ၊ တံတားဦးမြို့နယ် (ပကဖ) ၊ စဥ့်ကိုင်မြို့နယ် (ပကဖ) ၊ ငါန်းဇွန်မြို့နယ် (ပကဖ) ၊ STF တပ်ဖွဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာ ယာယီနည်းဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် မျိုးလှိုင်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကလည်း မနေ့က ညနေ ၃နာရီမှာ တံတားဦးမြို့နယ်၊ ဘူးရောက်ကျေးရွာနဲ့ အလယ်ကျေးရွာအနီး Mi-35 (တိုက်ခိုက်ရေး ရဟတ်ယာဥ်)နဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ၃နာရီကျော်အချိန်မှာ Gyrocopter သုံးစီးနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းမှာတော့ စစ်အုပ်စု တိုက်လေယာဉ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ “အထူးစစ်ဆင်ရေး” အား ဖော်ဆောင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။
နိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုတွေ အဓိက ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တဲ့ လေတပ်စခန်း (တံတားဦး)ကို စက်တင်ဘာ ၁၀ရက်က PDF ဒရုန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ YAK-130 အမျိုးအစား တိုက်လေယာဉ်တွေ ယာယီရပ်နားထားရာ နေရာတွေကို တိုက်ခိုက်နိုင်ခဲ့သလို မြေပြင်တိုက်ပွဲမှာလည်း ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်အုပ်စု ငါးယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။

“စစ်ဆင်ရေးအတွင်း မိမိတို့ ဒရုန်းတပ်ဖွဲ့များသည် ရန်သူ့ YAK-130 တိုက်လေယာဉ်များ ယာယီ ရပ်နားထားသည့် နေရာများသို့ တိကျစွာ ချဉ်းကပ် တိုက်ခိုက်နိုင်ခဲ့ပြီး၊ ဆက်စပ်မြေပြင် ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း မိမိတို့ဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး တိုင်းပြည်နှင့် ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ရပါသည်” လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ လေတပ်စခန်း တိုက်ခိုက်ခံရတာကို ခရီးသွားလေဆိပ် တိုက်ခိုက် ခံရသယောင် လိမ်ညာ သတင်းဖြန့်နေတယ်လို့လည်း PDF စစ်ရုံးချုပ်က ဆိုပါတယ်။
“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသော မန္တလေးအပြည်ပြည်ဆိုင်ရာ အရပ်ဘက် လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနှင့် အညီ လေတပ်စခန်း ဌာနချုပ်များ အပါအဝင် အကြမ်းဖက်စစ်တပ်၏ အဓိကကျောရိုး စစ်ဘက် ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်” လို့ PDF က ဆိုပါတယ်။
စစ်အုပ်စုရဲ့ တိုက်လေယာဉ်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၁၀ရက် မွန်းလွဲပိုင်းက စတင်ကာ စစ်အုပ်စုက တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ချလိုက်သလို လေဆိပ်အနီး ကျေးရွာတွေကို ညပိုင်းအထိ စစ်ကြောင်းထိုးလို့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက တံတားဦးခရီးသွားလေဆိပ်ကို ပိတ်ချကာ ပြည်တွင်း ခရီးသွားလေယာဉ်တွေကို ဆင်းသက်ခွင့် မပေးလို့ တာချီလိတ်၊ မြစ်ကြီးနား၊ ဟုမ္မလင်း စတဲ့ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေ လေယာဉ်လိုင်းတွေ နောက်ကြောင်း ပြန်ခေါက်ကာ မူလပျံတက်လာရာ လေဆိပ်တွေမှာ ပြန်လည် ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးလေတပ်စခန်း ဒရုန်းတိုက်ခိုက်ခံရတာနဲ့ ပတ်စက်ပြီး စက်တင်ဘာ ၁၀ရက် မွန်းလွဲပိုင်း တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အနီးဝန်ကျင်နေရာတွေကို FPV Drone ခြောက်စင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ထောက်လှမ်းသိရှိလို့ Drone တွေကို Drone ရန်ကာကွယ်ရေး အစီအမံတွေနဲ့ ဟန့်တားနိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။
အဲ့ဒီလို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်အချို့ ခေတ္တ ရပ်ဆိုင်းခဲ့ရပြီး ဒရုန်းနဲ့တိုက်ခိုက်ခံရပေမယ့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိဘူးလို့လည်း စစ်အုပ်စုက ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း တံတားဦးလေဆိပ်ကို အခြေပြုကာ နိုင်ငံတဝန်းရှိ စစ်ရှုံးနယ်မြေတွေကို နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ စစ်အုပ်စုရဲ့ တံတားဦးလေတပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့စဉ်/Photo – မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မန္တလေး #တံတားဦးလေဆိပ် #ကျောက်ဆည်ခရိုင်



