
အရပ်ဝတ်၊ အိမ်စီးကားနဲ့ လှည့်ပြီး လမ်းပေါ်လူမတွေ့ရင် ဆီတိုးသူနဲ့ မြစ်ဆိပ် လှေပေါ်အထိ တက်ဆွဲ၊
မောင်သက်/MFP၊ စက်တင်ဘာ – ၁၃
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာပတ်ဆွဲနေပြီး တစ်နေ့ကို အနည်းဆုံး လူ တစ်ဒါဇင်လောက် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ရပ်ကွက် လမ်းကြိုလမ်းကြားပါမကျန် လှည့်ပတ်ကာ ပေါ်တာဆွဲနေတာ ဖြစ်ပြီး လမ်းပေါ် လူမတွေ့ရင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ဆီဆိုင်မှာ ဆီတိုးသူနဲ့ မြစ်ဆိပ်ရှိ စက်လှေတွေပေါ်အထိ တက်ကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
“ဖမ်းတာတော့ နေရာ တော်တော်များများပဲ၊ အရပ်ဝတ်နဲ့ အိမ်စီးကားနဲ့ အလစ်အငိုက် စောင့်ပြီး သေချာ စောင့်ဖမ်းတာ” လို့ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။
မုံရွာမြို့မှာ သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၉ရက်အထိ လူငယ်လူရွယ် အနည်းဆုံး ၁၂၀ ကျော် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရတယ်လို့ စောင့်ကြည့် စာရင်းပြုစုထားသူတွေက ပြောပါတယ်။
အရပ်ဝတ်နဲ့ လှည့်လည်သွားလာနေတဲ့ စစ်အုပ်စု၊ ပျူစောထီးနဲ့ ဒလန်တွေက လူစည်ကားရာ နေရာ တွေ့ပါက အချင်းချင်း ဆက်သွယ်သတင်းပေးကာ ပေါ်တာဝင်ဆွဲတာမျိုးတွေ လုပ်နေတာလို့ ဆိုပါတယ်။
“ညောင်ပင်ကြီး မုံရွာ ကူးတို့ဆိပ် (မုံရွာနဲ့ ဆားလင်းကြီး ကူးသန်းတဲ့ ချင်းတွင်းမြစ်ဇက်ဆိပ်)၊ ကျွဲရဲအဝိုင်း ပတ်၊ စက်မှုဇုံရပ်ကွက်၊ သာစည်လမ်းမီးပွိုင့်၊ ကမ်းနားလမ်းတွေမှာ အများဆုံး ဖမ်းတယ်။ တခါတလေ ၁၅ ယောက်ဝန်းကျင်ကို ပါသွားတာ” လို့ အထက်ပါ အမည်မဖော်လိုတဲ့ လူငယ်က ပြောပါတယ်။

မုံရွာမြို့မှာ စစ်အုပ်စုက စက်သုံးဆီ အလုံအလောက် ရောင်းမပေးတာကြောင့် ဆီရောင်းတဲ့ ဆိုင်တချို့မှာ မြို့ခံတွေ တန်းတီတိုးဝှေ့ဝယ်ယူ ကြရပြီး အဲ့ဒီ ဆီတိုးနေတဲ့ လူတန်းကိုလည်း စစ်အုပ်စုက ပိတ်ဆို့ကာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ ဆိုပါတယ်။
“ဆီတိုးတဲ့ လူငယ်တွေ ဆွဲခံရတာ။ အခုနောက်ပိုင်းကြ လူငယ်တွေထက် အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေပဲ ဆီတိုးရဲတော့တဲ့ အခြေအနေရှိတယ်” လို့ နောက်ထပ် မုံရွာမြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ရက်က မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ စက်သုံးဆီဆိုင်မှာ ဆီဝယ်ယူခွင့်ရရေး တန်းစီတိုးဝှေ့နေရတဲ့ လူငယ် သုံးဦး ပေါ်တာ ဆွဲခံရသလို ဩဂုတ် ၆ ရက်မှာလည်း မုံရွာမြို့ ပြည်တော်သာရပ်ကွက်ရှိ ဓာတ်ဆီဆိုင်မှာ ဆီတိုးနေတဲ့ လူငယ် ငါးဦးကို ဖမ်းဆီးကာ ကားပေါ် ဆွဲတင် ပေါ်တာဆွဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မုံရွာမှာ ဆီဆိုင်တွေက ပိတ်ထားကြတယ်။ ဖွင့်တဲ့ ဆိုင်ကို ဝိုင်းအုံပြီး တိုးနေကြရတာ။ အဲ့ဒီလို တိုးတဲ့ လူငယ်တွေ ဆွဲခံရတာ”လို့ အထက်ပါ မြို့ခံက ပြောပါတယ်။
စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲကာ လူသစ်စုနေသလို တခါတရံ စက်လှေပေါ်အထိ တက်ကာ ပေါ်တာဆွဲတာကြောင့် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ကနေ မုံရွာမြို့ဘက် နေ့စဥ် စက်လှေနဲ့ ကူးကာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ လူငယ် အများစုကတော့ အလုပ်မသွားရဲကြတော့ဘဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စုဆောင်းကာ ရက်တို သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ လူသစ်စုနေတာ ဖြစ်ပြီး နှဟ်နှစ်ကျော်အတွင်း လူ တစ်သိန်းဝန်းကျင် စစ်သားသစ် စုဆောင်းခဲ့ပြီး ဖြစ်သလို လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၈အထိ ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။

မုံရွာမြို့ပေါ် ပေါ်တာဆွဲ၊ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#MandalayFreePress #အညာ #မုံရွာ #စစ်ကိုင်း #ပေါ်တာဆွဲ



