
MN/MFP ၊ စက်တင်ဘာ – ၁၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံ အမျိုးသား လေးဦးကို ဖမ်းဆီးခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကာ ရုပ်အလောင်းတွေကို ဧရာဝတီမြစ်ထဲမျှောပြီး စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ မြင်းခြံမြို့နယ် မြောက်ခြမ်းရှိ ကျောက်ကုန်းရွာ ပျူစခန်းက ပျူစောထီးခေါင်းဆောင်အောင်ကျော် ဦးဆောင်တဲ့ ပျူတွေက အေးရွာမှာရှိတဲ့ အမျိုးသား လေးဦးကို လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာတော့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို မြစ်ထဲ မျှောချစွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။



“အေးရွာနဲ့ ကျောက်ကုန်း(ပျူ)ရွာက နီးနီးလေး။ ည နှစ်နာရီလောက်မှာ ကျောက်ကုန်းရွာက ပျူခေါင်းဆောင် အောင်ကျော်နဲ့ ပျူတွေက အိမ်တွေထဲကို ဝင်ဖမ်းသွားတာ။ အဲဒီလို ဝင်ဖမ်းပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးတော့မှ ၁၄ ရက်နေ့ညမှာ အလောင်းတွေကို မြစ်ထဲမျှောချလိုက်တာ။ အသတ်ခံရတဲ့သူတွေထဲမှာ နှစ်ဦးက ဆိုင်ကယ်နဲ့ ရွာတွေကို လှည့်ပြီးတော့ ဈေးရောင်းတဲ့သူတွေ။ အကုန်လုံးက ရွာသားတွေပဲ။ သတ်ခံရလို့ သေတဲ့သူတွေရဲ့ အသက်ရွယ်တွေကတော့ လူငယ်၊ လူလတ်ပိုင်းတွေ”လို့ မြင်းခြံနယ် ဒေသခံ အမျိုးသားတဦးက MFP ကို ပြောပါတယ်။
အဲဒီလို မြစ်ထဲမျှောလိုက်တဲ့ လေးဦးထဲမှာ တဦးက အသက်ရှင်နေသေးတာကြောင့် ဒေသခံတွေက ဆယ်ယူပြီး ဆေးကုသမှုပြုလုပ်ပေးနေချိန်မှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေမှာ လက်တွေကို ကြိုးတုပ်ထားသလို ခန္ဓာကိုယ်မှာလည်း ဓားနဲ့မွမ်းထားတာနဲ့ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေနဲ့ စစ်အုပ်စုတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် ဩဂုတ်လထိ ကိုးလအတွင်းမှာ ကျေးရွာပေါင်း ၃၀ ကျော်က အိမ်ခြေပေါင်း ၅၅၀၀ ကျော်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၁၀ ဦးကျော်ကိုပါ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ခုနစ်ဦးကို ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။
မြင်းခြံခရိုင်ထဲ လူသတ်လုယက်မီးရှို့နေတဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ အသတ်ခံရတဲ့ပြည်သူတွေ /ဓာတ်ပုံ-စစ်အုပ်စု၊ဒေသခံ



