မန္တလေးသတင်း

ပုဂံ – ညောင်ဦးမှာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ အထိနာ ပြန်ဆုတ်ပြေး၊

MN/MFP ၊ နိုဝင်ဘာ – ၁၁

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး ဘက်ကနေ ငါ့သရောက်နယ်ဘက် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်ရာ အထိနာပြီး ပြန်ဆုတ်ပြေးတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ စစ်ရေးတာဝန်ခံက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်က ညောင်ဦးခရိုင်ဘက်ကနေ ငါ့သရောက်မြို့နယ်ခွဲဘက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက် တာကြောင့် အထိနာပြီး ပြန်ဆုတ်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

“ညောင်ဦးဘက်ကနေ ငါ့သရောက်ဘက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကို တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်တာပါ။ မိုင်းပါဆွဲလိုက်တာဆိုတော့ အထိနာပြီးတော့ စစ်ကြောင်းက ညောင်ဦးဘက် ပြန်ဆုတ်သွားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေကို ဖောကာနဲ့သယ်ပြီး မိုးကာအုပ် သယ်သွားတယ်လို့ပဲ သိထားရသေးတယ်။ (စစ်အုပ်စုဆီက) လက်နက်မရခဲ့တာက လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ဝင်မလုံးနိုင်ခဲ့လို့ပါ။ သူတို့ဘက်က ကောင်းကောင်း ပြန် မပစ်နိုင်ဘူး။ ဒရုန်းကားလည်း သူတို့မှာ ပါတယ်။ ကျွန်တော်တို့ ကျည်မလောက်တော့လို့ လက်နက် မကောက်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ တောင်သာမြို့နယ်-ပကဖ စစ်ရေးတာဝန်ခံက MFP ကို ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုကို ညောင်ဦးခရိုင် PDF တပ်ရင်း -၅၊ တောင်သာ-ပကဖ၊ Burmese Guerrilla Force – BGF Myingyan တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ အထိနာ ပြန်ဆုတ်ပြေးတဲ့ စစ်အုပ်စုဟာ ငါ့သရောက်နယ်ထဲ တကျော့ပြန် စစ်ကြောင်း ထိုးလာနိုင်တာကြောင့် ဒေသခံပြည်သူတွေ သတိထားကြဖို့လည်း တော်လှန်ရေး တပ်တွေက အသိပေးထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလထဲမှာလည်း တောင်သာမြို့နယ်ရှိ တရုတ်ဂက်(စ်)ပိုက်လိုင်း ဂိတ်အစောင့် စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ငါးယောက် သေတယ်လို့ တောင်သာ-ပကဖ က ဆိုပါတယ်။

ပုဂံ-ညောင်ဦးမှာ အထိုင်ချထားတဲ့ စစ်အုပ်စုဟာ အနီးဝန်းကျင် မြို့နယ်တွေဖြစ်တဲ့ ကျောက်ပန်းတောင်း၊ ငါ့သရောက် မြို့နယ်ခွဲ၊ တောင်သာ၊ မလှိုင် စတဲ့ မြို့နယ်တွေက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်း ထိုးပြီး ဒေသခံတွေကို ရန်ပြုဖမ်းဆီးတာ၊ ရွာတွေ စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီး တန်ဘိုးရှိပစ္စည်း ခိုးယူလုယက်တာနဲ့ အိမ်မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပုဂံ – ညောင်ဦးကနေ ငါ့သရောက်ဘက် ရွာမီးရှို့ လုယက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်စဉ်/Photo – တောင်သာ ပကဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ပုဂံညောင်ဦး ​ #​ငါ့သရောက်

Related Articles

Back to top button