စစ်တပ် နံပတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအဆင့် ကိုကိုဦးကို မင်းအောင်လှိုင်က ရာထူး ပြန်လျှော့၊

ကိုကိုဦးက အာဏာသိမ်းစ မန္တလေးမှာ တစ်နေ့တည်း လူ၅၀ သတ်ပြပြီးနောက် တရှိန်ထိုး ရာထူး တက်ခဲ့သူ ဖြစ်၊
ရခိုင် ၄၉၂၆ ထိုးစစ် အပါအဝင် စစ်ပွဲအရှုံးတွေကြောင့် စစ်တပ် နံပတ် ၃ နေရာ အပြောင်းအလဲ လုပ်တာ ဖြစ်နိုင်ဟု သုံးသပ်၊
တေဇ/MFP၊ စက်တင်ဘာ – ၁၈
အာဏာသိမ်းစက မန္တလေးတိုင်းအတွင်း တစ်နေ့တည်း လူ ၅၀ လောက် သတ်ဖြတ်ပြခဲ့လို့ စစ်တပ်ရဲ့ နံပတ် ၃ ခေါင်းဆောင်၊ ညှိနိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) (ညှိ/ကွပ်) ဗိုလ်ချုပ်ကြီး အဆင့် အထိ ရာထူး တိုးပေးထားတဲ့ ကိုကိုဦးကို မင်းအောင်လှိုင်က ရာထူး ပြန်လျှော့ချလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးအဆင့် ကိုကိုဦးကို ညှိကွပ်ရာထူးက လျော့ကာ ပြည်ထဲရေး ဝန်ကြီးအဖြစ် ပြောင်းပြီး ပြည်ထဲရေး ဝန်ကြီးဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးအဆင့် ညွန့်ဝင်းဆွေကို စစ်ဘက်ရာထူး ပြန်ပေးတယ်လို့ မင်းအောင်လှိုင်က စက်တင်ဘာ ၁၇ရက်မှာ အမိန့်စာထုတ်ပါတယ်။
ကိုကိုဦးကို ရာထူးလျှော့တာဟာ လတ်တလော ရခိုင်ပြည် ၄၉၂၆ စစ်ဆင်ရေး စစ်ရှုံးနေတာ၊ ကချင်ပြည် ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ စစ်ရှုံးနေတာနဲ့ မန္တလေး တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရတာတွေ ကြောင့် ဖြစ်နိုင်တယ်လို့ စောင့်ကြည့်သူတချို့က သုံးသပ်ပါတယ်။
“တပ်တွင်း Demotion (ရာထူးလျှော့) လုပ်တာ၊ အရေးယူ၊ ရာထူးလျှော့လိုက်တာ” လို့ ကိုကိုဦးကို ညှိကွပ် ရာထူးကနေ ပြည်ထဲရေး ပြောင်းလိုက်တာဟာ စစ်တပ်အတွင်း ရာထူးလျှော့ အရေးယူတာ ဖြစ်တယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဍားကျွန်းနဲ့ ကျောက်ဖြူဒေသတွေကို အာရက္ခတပ်တော် – AA ထံကနေ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ၄၉၂၆ စစ်ဆင်ရေးအဖြစ် ကြည်း၊ ရေ၊ လေ အင်အား သုံးကာ ထိုးစစ်ဆင်နေပြီး အဲ့ဒီ စစ်ဆင်ရေး မရှုမလှ ရှုံးနိမ့်နေတာကြောင့် ညှိကွပ် ကိုကိုဦးကို ရာထူးလျှော့ အရေးယူတာ ဖြစ်မယ်လို့ အထက်ပါ စောင့်ကြည့်သူက ဆိုပါတယ်။
ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့၊ စစ်တွေနဲ့ ၁၇မိုင်အကွာရှိ ပုဏ္ဍားကျွန်းမြို့နဲ့ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းရှိရာ ကျောက်ဖြူမြို့တို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်အုပ်စုက မြေပြင်အင်အား သောင်းနဲ့ချီ အသုံးပြုသလို လေကြောင်းနဲ့ ပင်လယ်ပြင် ရေကြောင်းကနေ စစ်ရေယာဉ်တွေပါ အသုံးပြုကာ ကြည်း၊ရေ၊လေ သုံးပြီး အကြီးအကျယ် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
“သူတို့ ထိုးစစ်က အကြီးအကျယ် ရှုံးနေတာလေ။ အကုန် လန်ကျတယ်” လို့ ရခိုင်ထိုးစစ်မှာ စစ်အုပ်စု ရှုံးနိမ့်နေကြောင်း အထက်ပါ စောင့်ကြည့်သူက ပြောပါတယ်။
အလားတူ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သေင်္ဘာတွေ၊ ရေယာဉ်တွေနဲ့ ဆန်တက်ပြီး ကချင်ပြည်၊ ရွှေကူနဲ့ ဗန်းမော်မြို့ဘက် ထိုးစစ်ဆင်ရာမှာလည်း စစ်အုပ်စုရဲ့ သင်္ဘော အစီး ၂၀ လောက် ကချင် လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက် နှစ်မြုပ်တာ ခံခဲ့ရသလို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်မှာ စစ်အုပ်စုရဲ့ အကြီးဆုံးလေတပ်စခန်းဖြစ်တဲ့ မန္တလေးမြို့အနီးရှိ တံတားဦး လေတပ်စခန်းဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲ့ဒီလို စစ်ရေးအရ ရှုံးနိမ့်မှုတွေကြောင့် မင်းအောင်လှိုင်က စစ်တပ်ရဲ့ နံပတ် ၃ ခေါင်းဆောင်နေရာ အပြောင်းအလဲ လုပ်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးနေရာကနေ စစ်ဘက်ရာထူး ပြန်ရတဲ့ ဒု-ဗိုလ်ချုပ်ကြီးအဆင့် ညွှန့်ဝင်းဆွေဟာ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကကလှမ်း-၄) ဖြစ်ခဲ့ပြီး မကြာမီ ကိုကိုဦးရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ညွှန့်ဝင်းဆွေတို့ဟာ ယခင်က တြိဂံတိုင်းစစ်ဌာနချုပ်မှာ အတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးသူတွေ ဖြစ်ပြီး မင်းအောင်လှိုင် တြိဂံတိုင်းမှူး ဖြစ်ချိန်မှာ ညွှန့်ဝင်းဆွေက မင်းအောင်လှိုင် လက်အောက် ဗိုလ်မှူးကြီးအဆင့်၊ G-1 (နည်းဗျူဟာမှူး) ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင်က ရာထူးလျှော့ချလိုက်တဲ့ ကိုကိုဦးဟာ စစ်အာဏာသိမ်းစ မန္တလေးတိုင်း အတွင်း တနေ့တည်း လူ ၄၀ ကျော် သတ်ဖြတ်မှု အပါအဝင် မန္တလေးက ရာချီတဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ရာမှာ အဓိက ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။
အသက် ၄၅နှစ်အရွယ် ၂၀၂၀ မှာ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ တိုင်းမှူး ဖြစ်လာတဲ့ ကိုကိုဦးဟာ အာဏာသိမ်းစ ၂၀၂၁ မတ် ၂၇ ရက်မှာ တစ်နေ့တည်း လူ ၄၀ ကျော် သတ်ဖြတ်ပြခဲ့ပါတယ်။
အဲ့ဒီ ၂၀၂၁ မတ်လ ၂၇ရက်က စစ်အာဏာငိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်အုပ်စုက ပစ်ခတ် သတ်ဖြတ်ခဲ့ရာ နိုင်ငံတဝန်း ပြည်သူ ၁၅ဝ ကျော် သေဆုံးခဲ့ပြီး မန္တလေးတိုင်းအတွင်းမှာ ပြည်သူ ၄၀ ကျော် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီနေ့က မန္တလေးမြို့ပေါ် သာမက ဝမ်းတွင်း၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ စဉ့်ကိုင်၊ အမရပူရ၊ မတ္တရာစတဲ့ မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြသူတွေကို စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။
အဲ့ဒီ မတ်လ ၂၇ရက် လူသတ်ပွဲအပြီး ၂၀၂၃ မှာတော့ ဗိုလ်ချုပ်ကိုကိုဦးကို မင်းအောင်လှိုင်က အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)၊ ဒု-ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေးခဲ့သလို ၂၀၂၆ ဧပြီမှာ စစ်တပ်ရဲ့ နံပတ် ၃ ခေါင်းဆောင် ညှိ/ကွပ် ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူး တိုးပေးခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မတ်လ ၂၇ရက် လူသတ်ပွဲနဲ့ ပတ်သက်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး အပါအဝင် လက်နက်ပွဲစားတွေ ဖြစ်တဲ့ အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်နဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့ကို အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း အမေရိကန်က ၂၀၂၂ မတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့ ပူးပေါင်းပြီး လူသတ်ပွဲကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်၊ စီးပွားရေးသမား ဦးမောင်ကို ကိုလည်း အမေရိကန်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပါတယ်။


မင်းအောင်လှိုင်က ရာထူးလျှော့လိုက်တဲ့ ကိုကိုဦးနဲ့ ရာထူးပြန်တိုးပေးတဲ့ ညွှန့်ဝင်းဆွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



