ဝက်လက်နယ် ဧရာဝတီမြစ်ရိုး ခုနှစ်လတာ စစ်ဆင်ရေးအတွင်း စစ်အုပ်စု အလောင်း ၁၀၀ ကျော်ရ၊

ကားလေးစီး အပါအဝင် လက်နက်တွေလည်း အများအပြား ရတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂ ထုတ်ပြန်၊
ရွှေဥ/MFP၊ စက်တင်ဘာ – ၂၀
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အစပ်၊ ဧရာမြစ်ရိုးတလျှောက်ကို နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုကို တန်ပြန်တိုက်ခိုက်ခဲ့တဲ့ ခုနှစ်လတာ စစ်ဆင်ရေး တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၁၀၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး အလောင်း၊ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်း (People’s Servant Revolution – Wetlet) ပြည်သူ့အစေခံ တော်လှန်ရေးတပ် တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ဝက်လက်နယ် မြစ်ရိုးတလျှောက် ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ စက်တင်ဘာ ၂၀ရက် ယနေ့အထိ တုန့်ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ခုနှစ်လတာ စစ်ဆင်ရေးအတွက် တော်လှန်ရေးတပ်တွေကလည်း စစ်အုပ်စုကို ၁၅ကြိမ်ထက်မနည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီ ၁၀၀ ကျော်ကတော့ ကျနော်တို့ တိုက်ပွဲတိုင်း၊ တိုက်ပွဲတိုင်း ကျနော်တို့ ရရှိခဲ့တဲ့ အလောင်းကို တွက်ချက်ပြီးတော့ ထုတ်ပြန်ထားတာပေါ့လေ၊ ဒီ ၁၀၀ကျော်မှာက သူတို့ နောက်တန်းပြန်ပို့တဲ့ စစ်သည်တွေ မပါဘူး၊ နောက်တန်းမှာ ကျဆုံးတဲ့ စစ်ကောင်စီတပ်သားတွေ မပါဘူး။ ကျနော်တို့ရရှိတဲ့ အလောင်းကိုပဲ တွက်ချက် ထုတ်ပြန်ထားတာ ဖြစ်တယ်ဗျ” လို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ် တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဝက်လက်မြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်အုပ်စု အလောင်း ၁၀၀ ကျော်အပြင် ကားလေးစီး၊ ဂျမ်ဘာကားတစ်စီး၊ ဒရုန်းနှစ်စီးနဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ခုနှစ်လတာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၁၀၀ ကျော် သေတဲ့အပြင် ဒဏ်ရာရသူလည်း အများအပြား ရှိပြီး ဒဏ်ရာရ၊ သေဆုံးတဲ့ အရာရှိအဆင့်တွေကိုတော့ စစ်အုပ်စုက ပြန်ကောက်ယူ သယ်ဆောင် သွားတာမျိုး ဖြစ်တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
ဝက်လက်နယ် မြစ်ရိုးတလျှောက် ခုနှစ်လတာတိုက်ပွဲအတွင်း သုတ်သင်နိုင်ခဲ့တဲ့ စစ်အုပ်စုဟာ တပ်မ ၃၃၊ ခမရ -၁၃နဲ့ ရွှေဘို -ကျောက်မြောင်းရှိ ခမရ -၁၂တပ်ရင်းက စစ်အုပ်စု လက်နက်ကိုင်တွေ ပါဝင်သလို စစ်ကိုင်း မင်းကွန်းနယ်က ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ခုနှစ်လတာ စစ်ဆင်ရေးကို PDF အမှတ်(၂)ရွှေဘိုခရိုင် စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၉၇၀၆) တပ်ရင်းတွေ၊ ၁၂၂၂ဗျူဟာ၊ အမှတ် ၉၇၀၈တပ်ဖွဲ့၊ အမှတ်(၂)ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ စတဲ့ မဟာမိတ်တပ်တွေ ပူးပေါင်း ဆင်နွဲခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးသူတွေနဲ့ ဒဏ်ရာ ရရှိသူ တချို့ ရှိတယ်လို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ်က ထုတ်ပြန်ပြီး အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။
စစ်အုပ်စုဟာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီမြစ်ရိုးရှိ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေကို သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ဝက်လက်နယ်ထဲ နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေတာ ဖြစ်သလို မြစ်အရှေ့ဘက် မတ္တရာနယ်ကနေ မြစ်အနောက်ဘက် ဝက်လက်နယ်ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ် တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးရဲ့ အထက်ဘက် ဧရာဝတီမြစ်ရိုးတလျှောက် စိုးမိုးနိုင်ရေးနဲ့ နယ်မြေ ထိန်းချုပ်နိုင်ရေး ကြိုးစားတာ ဖြစ်သလို မန္တလေးကနေ ဆန်တက်တဲ့ သင်္ဘောတွေ တိုက်ခိုက် မခံရဖို့ ကာကွယ်နိုင်ရေး ကြိုးစားနေတာလို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
“သူတို့က မြစ်အရှေ့ဘက် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး အပိုင် ရသွားတော့ မြစ်အနောက်ဘက်ကနေ ဧရာဝတီမြစ် အရှေ့ဘက်ကို ပြန်ကူးလာမယ့် အနေအထားတွေကို ကာကွယ်တဲ့ သဘောပေါ့လေ၊ ပြီးတော့ ဗန်းမော်ကို ဆန်တက်တဲ့ သင်္ဘောတွေကို ကာကွယ်တာပေါ့လေ “
လက်ရှိမှာ စစ်အုပ်စုက ဝက်လက်မြို့နယ် ဧရာဝတီမြစ်ရိုးရှိ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့် စတဲ့ ကျေးရွာတွေကို စီးနင်းကာ အထိုင်ချ တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ၊ လုယက်စားသောက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ချိန်ရော၊ တိုက်ပွဲမရှိတဲ့ အချိန်တွေမှာပါ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၇ရက်ကလည်း ဝက်လက်နဲ့ မတ္တရာနယ်အစပ်၊ ဧရာဝတီမြစ်ရိုးရှိ ဘိုကြီးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲရာ ဘုန်းကြီးကျောင်းအတွင်းရှိ ရွာခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး ဘုန်းတော်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သြဂုတ် ၁ရက်နဲ့ ၁၈ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွှေဘယက်ကျေးရွာနဲ့ ကူကောင်းကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွှေဘယက်ရွာခံ အသက် ၆၀ကျော် အဖိုးတစ်ဦးနဲ့ ကူကောင်းရွာခံ အသက် ၆၀ ကျော် အဖွားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့် စတဲ့ စစ်အုပ်စု စီးနင်းအထိုင်ချ တပ်စွဲထားတဲ့ ကျေးရွာတွေ အပါအဝင် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ရိုးရှိ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျှောက် တိုက်ပွဲတွေက သိမ်းဆည်း ရရှိတဲ့ လက်နက် ခဲယမ်းတွေ/Photo – ပြည်သူ့အစေခံ တော်လှန်ရေးတပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #ဝက်လက် #ဧရာဝတီမြစ်ရိုး



