စစ်ကိုင်းသတင်း

ကောလင်းမှာ စစ်အုပ်စုက ရွာပေါ် ဗုံးကြဲ၊ ရော့ကတ်နဲ့ ပစ်လို့ ပြည်သူ သုံးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရ၊

ကချင်မှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုက ကချင်နဲ့ စစ်ကိုင်းအစပ် မြို့၊ရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲနေ၊

ဒေါ်လာ/MFP၊ စက်တင်ဘာ – ၂၅

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာကို မနေ့က ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ပတ်ကာ ဗုံးကြဲရုံမက ရော့ကတ်တွေ (Rocket)နဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဒေသခံ အရပ်သား ပြည်သူ သုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၄ရက် ညနေ ၅နာရီကျော်အချိန် ကောလင်းမြို့နယ်အရှ့ခြမ်း ကုက္ကိုကုန်းရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ ဗုံးနှစ်လုံး ကြဲချကာ ရော့ကတ်နဲ့ လေးကြိမ် ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ကုက္ကိုကုန်းရွာ အပါအဝင် ကောလင်းနယ် အရှေ့ခြမ်းမှာ စစ်ရေးလှုပ်ရှားမှုမရှိ၊ တိုက်ပွဲတစုံတရာ မရှိဘဲ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို မင်းအောင်လှိုင် အဖွဲ့က လေကြောင်း တိုက်ခိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ကုက္ကိုကုန်းရွာရှီ ရွာခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေထဲက ဗုံးထိမှန်လို့ အသက် ၆၀ အရွယ်တစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် နှစ်ဦး၊ စုစုပေါင်း အမျိုးသား သုံးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရပြီး ဒဏ်ရာရသူတွေထဲက နှစ်ဦးဟာလည်း စိုးရိမ်ရတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နေအိမ် ငါးလုံးလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲမှာ စစ်ရှုံးပြီး အထိနာ အသေများတိုင်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည် ရွှေကူနဲ့ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ရိုး တလျှောက် တိုက်ပွဲတွေမှာ စစ်အုပ်စု အထိနာပြီးနောက် ကချင်ပြည်နဲ့ ထိစပ်နေတဲ့ ကောလင်း၊ အင်းတော်နဲ့ ကသာနယ်တွေကို စစ်အုပ်စုက နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက အင်းတော်နယ်ထဲ စက်တင်ဘာ ၂၁ရက်က စလို့ ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး စက်တင်ဘာ ၂၃ရက်က အင်းတော်မြို့နယ်၊ မဲဇာရွာအနီး၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ နောင်မိုးနဲ့ စက်တောကုန်း ကျေးရွာတွေကို စစ်အုပ်စုက လေယာဉ်နဲ့ ဗုံး ၁၈လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ခရီးသွား ကားသမား သုံးဦ သေဆုံးကာ ဒဏ်ရာရသူ ဒါဇင်ချီ ရှိခဲ့ပြီး ဆီသယ်ကားတွေ အပါအဝင် ခရီးသွား ကားတွေလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၂၃ရက်မှာပဲ ကသာမြို့နယ် ညောင်ခြေထောက်နဲ့ နောင်ပိန်းကျေးရွာတို့ကို စစ်အုပ်စုက ထပ်မံ ဗုံးပတ်ကြဲခဲ့ရာ ညောင်ခြေထောက်ကျေးရွာက သီလရှင်တစ်ပါး ပျံလွန်သလို နောင်ပိန်း‌ကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ အိုးအိမ် အများအပြား ပျက်စီးတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကသာမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကောလင်းနယ်ထဲ တိုက်ပွဲမရှိ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ရွာပေါ် ဗုံးကြဲ၊ ရော့ကတ်နဲ့ ပစ်လို့ ထိခိုက်ပျက်စီးတဲ့ အိုးအိမ်တွေနဲ့ သေဆုံး၊ ဒဏ်ရာရတဲ့ ပြည်သူတွေ/Photo – ကောလင်း PDF တပ်ရင်း ၁၊ Kawlin Info

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အင်းတော် #ကောလင်း #ရွှေဘိုမြစ်ကြီးနားကားလမ်း

Related Articles

Back to top button