မန္တလေးသတင်း

မန္တလေးမှာ စက်သုံးဆီစျေး တစ်လီတာ ကျပ် ၆၀၀ ကျော်၊ တစ်ဂါလံ ကျပ် ၃၀၀၀ နီးပါး စျေးခုန်တက်၊

မာကျူရီ/MFP၊ စက်တင်ဘာ – ၂၅

မန္တလေးမြို့မှာ ဓာတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းတွေ ကျရိပ်ပြနေရာက စက်တင်ဘာ ၂၅ ရက်မှာ တစ်လီတာ ကျပ် ၆၀၀ ကျော်၊ တစ်ဂါလံ ကျပ် ၃၀၀၀ နီးပါး ရုတ်တရက် စျေးခုန်တက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ် အပါအဝင် စက်သုံးဆီစျေးနှုန်းတွေကို အာဏာသိမ်း စစ်အုပ်စုက သတ်မှတ်၊ ခိုင်းစေတဲ့ စျေးအတိုင်း ရောင်းချနေကြရတာ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်၊ သောကြာနေ့အတွက် စစ်အုပ်စုက စက်သုံးဆီစျေးနှုန်းတွေကို ရုတ်တရက် တိုးမြှင့်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း သိသိသာသာ မြင့်တက်ခြင်း မရှိသလို ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်လည်း ပြည့်မီ နေပေမယ့် ဒီတစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီ သတ်မှတ်ဈေးတွေ ရုတ်တရက် ထိုးတက်လာတာလို့ စက်သုံးဆီ အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးက MFP ကို  ပြောပါတယ်။

“စက်သုံးဆီက ကားတွေလည်း အဆက်မပြတ် မန္တလေးကို ဝင်နေတာ၊ စက်သုံးဆီ ရှားပါးမှု မရှိသလို လိုအပ်ချက်လည်း မရှိပါဘူး၊ အရှေ့အလယ်ပိုင်းအရေးက ငြိမ်သက်သွားတော့ ကမ္ဘာ့ရေနံစိမ်း ဈေးကွက်မှာလည်း ဈေး အပြောင်းအလဲ အများကြီး မရှိပါဘူး၊ အကျဘက် ဦးတည်နေတာ၊ တက်ဈေးနဲ့ မိထားတာတွေ ကာမိအောင် စစ်အုပ်စုက လုပ်တဲ့သဘောပါပဲ”

စက်တင်ဘာ ၂၅ရက်အတွက် စစ်အုပ်စုက သတ်မှတ်ထုတ်ပြန်တဲ့ စက်သုံးဆီ တစ်လီတာ (ရေသန့်တစ်ဗူး) ဈေးနှုန်းတွေဟာ ဓါတ်ဆီ (92) ၄၆၀၅ ကျပ်၊ ဓါတ်ဆီ (95) ၄၇၅၅ ကျပ်၊  ဒီဇယ် ၄၉၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၅၉၅၀ ကျပ် ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ တစ်လီတာ သတ်မှတ်ဈေးဟာ ဓါတ်ဆီ (92) ၃၉၈၀ ကျပ်၊ ဓါတ်ဆီ (95) ၄၁၀၅ ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ် နဲ့ ပရီမီယံဒီဇယ်-    ၅၂၀၅ ကျပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စက်သုံးဆီဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် 95 တစ်လီတာကို ၆၅၀ ကျပ်၊ တစ်ဂါလံကို ၂၉၂၅ ကျပ်၊ 92 တစ်လီတာ ၆၂၅ ကျပ်၊ တစ်ဂါလံ ၂၈၁၂ ကျပ်၊ ဒီဇယ်က တစ်လီတာကို ၆၄၀ ကျပ်၊ တစ်ဂါလံ ၂၅၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က တစ်လီတာ ၇၄၅ ကျပ်၊ တစ်ဂါလံ ၂၉၈၀ ကျပ်အထိ ဈေးနှုန်းမြင့်လာတာ ဖြစ်ပါတယ်။

စစ်အုပ်စုက သတ်မှတ်တဲ့ စက်သုံးဆီဈေးတွေ မြင့်တက်ပြီးနောက် ပြင်ပလမ်းဘေးဆိုင်တွေ ရောင်းချတဲ့ ဈေးလည်း မြင့်တက်လာပြီး ဓါတ်ဆီတစ်လီတာ ရေသန့်တစ်ဘူးကို ၇၀၀၀ ကျပ် နဲ့ ၈၀၀၀ ကျပ်ကြား စျေးဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ (PPRD- PetroleumProduct Regulatory Department) က  ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွေမှာ ရောင်းချဖို့ ဈေးနှုန်းတွေကို တစ်ပတ်တခါ သောကြာနေ့တိုင်း သတ်မှတ်ထုတ်ပြန်တာ ဖြစ်ပါတယ်။

စစ်အုပ်စုက စက်သုံးဆီတွေ လိုသလောက် ရောင်းမပေးတော့ဘဲ စတင် ကန့်သတ်တဲ့ ပြီးခဲ့တဲ့ မတ်လ ၅ရက် စျေးအရ ဓါတ်ဆီ (92) တစ်လီတာ ၂၅၃၀ကျပ်၊ ဓါတ်ဆီ (95) ၂၅၉၀ ကျပ်ဖြစ်ပါတယ်။

မန္တလေးမြို့ရှိ ဆီဆိုင်တစ်ဆိုင်မှာ စက်သုံးဆီ ဝယ်ခွင့်ရဖို့ တန်းစီနေသူတွေကို မတ် ၄ရက်က တွေ့ရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #စက်သုံးဆီစျေး

Related Articles

Back to top button