စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ ပကဖ ရဲဘော်နှစ်ဦး စစ်အုပ်စုနဲ့ ပက်ပင်းတိုးကာ ဖမ်းဆီးခံရပြီး ညှဉ်းပန်းသတ်ဖြတ်ခံရ၊

မောင်သက်/MFP၊ စက်တင်ဘာ – ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကောင်းဆင့်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၄ရက် မနက်ပိုင်းက စစ်ကြောင်းထိုး အစာရှာထွက်တဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ပက်ပင်းတိုးတဲ့ ဒေသခံ ပကဖ ရဲဘော် နှစ်ဦး ဖမ်းဆီး ခံရပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၂၄ရက် မနက် ၁၀နာရီက ယင်းမာပင်မြို့ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုဟာ ကောင်းဆင့်ကျေးရွာကို ရုတ်တရက် စီးနင်းဝင်ရောက် လုယက်ရာ ဒေသခံ ပြည်သူတချို့ အပါအဝင် ဆားလင်းကြီးမြို့နယ် ပကဖ ရဲဘော်နှစ်ဦး စစ်အုပ်စုနဲ့ ပက်ပင်းတိုးကာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက ရုတ်တရက် ထွက်လာတာ။ တချို့ပြည်သူတွေ ရှောင်ချိန် မရလိုက်ကြဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကောင်းဆင့်ရွာကနေ ရွာသာယာကျေးရွာကို ဆက်လက် စီးနင်းလုယက်ခဲ့ပြီး ဖမ်းမိထားတဲ့ ဆားလင်းကြီးမြို့နယ် ပကဖ ရဲဘော်နှစ်ဦးကိုလည်း ဆက်လက် ဖမ်းခေါ်သွားကာ ရွာသာယာကျေးရွာ စာသင်ကျောင်းထဲမှာမှ သတ်ဖြတ်စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရဲဘော်တွေက သတင်းမရတာလား မသိဘူး၊ သေနတ် ပါတယ်လို့လည်း သိရတယ်၊ သူတို့ကို ရွာသာယာရွာ စာသင်ကျောင်းထဲမှာ သတ်ထားခဲ့တာ” လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ကောင်းဆင့်နဲ့ ရွာသာယာရွာထဲ နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ ဆီ၊ အပါအဝင် ပြည်သူပိုင် တန်ဘိုးရှိပစ္စည်းတွေ ခိုးယူလုယက်ပြီးနောက် စက်တင်ဘာ၂၅ ရက် ညနေ ၃ နာရီမှာ ယင်းမာပင်မြို့တွင်း ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ပြန်ထွက်သွားချိန် အထက်ပါ ဖမ်းဆီးခံရတဲ့ ဆားလင်းကြီးမြို့နယ် ပကဖ ရဲဘော်နှစ်ဦးရဲ့ အလောင်းတွေကို ညှဉ်းပန်း နှိပ်စက်ထားတဲ့ ဒဏ်ရာ ဗရပွနဲ့အတူ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ယင်းမာပင်နယ် ကောင်းဆင့်နဲ့ ရွာသာယာရွာအနီး ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော် နှစ်ဦးကို ညှဉ်းပန်း သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်အုပ်စုက တိုက်ပွဲဖြစ်တာလို့ လိမ်ညာသတင်းဖြန့်ပါတယ်။


စက်တင်ဘာ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ် ရွာသာရွာကျေးရွာအနီးမှာ PDF ၂၀ လောက်နဲ့ တိုက်ပွဲဖြစ်ပြီး အလောင်းနှစ်လောင်း၊ MA-3 သေနတ် နှစ်လက်၊ လက်လုပ်စိန်ပြောင်း နှစ်လက်နဲ့ ကျည်တချို့ သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်ပါတယ်။

ယင်းမာပင်မြို့ထဲ စီးနင်းအထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တရုတ်ကြေးနီစက်ရုံ ဂိတ်စောင့်ပေးနေရတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက်ကာ ဖောက်ထွင်း ခိုးယူတာ၊ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့အနီးရှိ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြို့သစ်၊ ငါးမောင်း၊ လည်ငေါက်၊ မြို့ပေါ် စတဲ့ ရွာတွေ အပါအဝင် တရုတ်ကြေးနီစက်ရုံ အနီးပတ်လည် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။ ကြိုတင် စစ်ဘေးတိမ်းရှောင် မပြေးနိုင်သေးတဲ့ ပြည်သူတွေလည်း အိမ်မှာ ဖြောင့်ဖြောင့် မအိပ်ရဲဘဲ စစ်အုပ်စု ရုတ်တရတ် ဝင်မွှေလုယက်ပါက အသက်ဘေးက လွတ်အောင်ထွက်ပြေးဖို့ အမြဲတန်း ပြင်ဆင်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေး ရဲဘော်တွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးတာမျိုး မရှိဘဲ ဖမ်းမိသူတိုင်းကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

(ယခုသတင်းအတွက် ပုံတွေကို Mandalay Free Press – MFP တယ်လီဂရန်မှာ ကြည့်နိုင်ပါတယ်။)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ယင်းမာပင်ဆားလင်းကြီး

Related Articles

Back to top button