မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မြင်းခြံမှာ စစ်အုပ်စုက ကျေးရွာတွေဆီ ကုန်စည်သယ်ယူခွင့် ပိတ်ကာ ဖြတ်လေးဖြတ် လုပ်ထား၊

ထောက်ခံစာ မပါရင် လူတွေပါ ရွာနဲ့မြို့ ကူးသန်းသွားလာခွင့်ပိတ်ထားလို့ ဒေသခံတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေ၊

ရွာတွေက သီးနှံတွေ မြို့ထဲအဝင်ခံပေမယ့် မြို့ပေါ်က ကုန်စည်အားလုံး သယ်ခွင့်ပိတ်၊

MN/MFP ၊ စက်တင်ဘာ – ၂၇

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ အများပြည်သူသုံး လမ်းမကြီးတွေကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ပြီးနောက် ဒေသတွင်း ဖြတ်လေးဖြတ်ပုံစံ (စားနပ်ရိက္ခာ၊ ဝင်ငွေ၊ သတင်း အချက်အလက်နဲ့ လူထုထိတွေ့ဆက်ဆံခွင့်) လုပ်ဆောင်နေတာ တစ်လကျော်ကြာ ရှိလာပြီမို့ ဒေသခံ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ လဆန်းပိုင်းက စတင်ကာ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ မြို့နယ်တွေမှာ စစ်အုပ်စုက ကျေးရွာတွေဆီကို စားနပ်ရိက္ခာ အပါအဝင် လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ ဝယ်ယူလို့မရအောင် အလုံးစုံ ပိတ်ဆို့တားဆီးထားတာလို့ ဆိုပါတယ်။

“အခုက ဘယ်လိုဖြစ်နေတာလဲဆိုတော့ မြို့ထဲကို ရွာတွေဘက်ကနေ ဈေးလာဝယ်လို့ မရတော့ဘူး။ ဆေးလာကုလို့လည်း မရဘူး။ အခု မြင်းခြံမြို့ပေါ်ကနေ ရွာတွေဘက်ကို ဆိုင်ကယ်နဲ့ ဈေးသွားရောင်းတဲ့ ပွမ်ပွမ်သမားလေးတွေ (ဒေသအခေါ်) မြို့ပေါ်ကို ပြန်လာလို့ မရတော့လို့ ရွာတွေဘက်မှာ သောင်တင်ပြီး ပိတ်မိနေတဲ့ သူတွေလည်း ရှိတယ်။ မြို့ပေါ်ကလူတွေကလည်း ရွာတွေဘက် ဆိုင်ကယ်နဲ့ကို သွားလို့ မရတော့ဘူး။ ခရီးသွားမယ်ဆိုရင်လည်း အထောက်အထားတွေ အပြည့်အစုံနဲ့မှ သွားလို့ရတော့တာ။ အစစ်အဆေးကလည်း အရမ်းများတယ်” လို့ မြင်းခြံမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက မြင်းခြံမြို့ပေါ်ကနေ ကျေးရွာတွေဆီကို ကုန်ပစ္စည်းတွေ သယ်ယူခွင့်ပိတ်ဆို့ထားပေမဲ့ ကျေးရွာတွေ ကနေ ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကိုတော့ မြို့ပေါ်ကို သွင်းခွင့်ပြုထားတယ်လို့ မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲမှာ နေထိုင်နေတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မြို့ပေါ်ကနေ ကြက်သွန်တစ်လုံး၊ ဆန်တစ်စေ့ကအစ ဘာမှ သယ်လို့မရတော့ဘူး။ ဘာကုန်ပစ္စည်းမှ ဝယ်လို့၊ သယ်လို့ မရတော့ဘူး။ အဲဒီလို ဖြစ်နေတာ တစ်လပြည့်တော့မှာ။ ဒီဘက်ကထွက်တဲ့ ကွမ်းတို့၊ ဆေးရွက်ကြီးတို့တော့ မြို့ပေါ်ကို သွင်းလို့ရတယ်။ မြို့ပေါ်က ကုန်ပစ္စည်းကတော့ ဘာမှ ဝယ်လို့ သယ်လို့ မရဘူး။ အဲဒီတော့ ဒေသခံတွေက တော်တော်လေးကို အခက်အခဲ ဖြစ်နေကြတာ။ အခြေအနေက အတော်လေးကို ဆိုးနေတယ်။ နွားထိုးကြီးဘက်ကမှာလည်း ဒီအတိုင်းပဲ”

စက်တင်ဘာ ၄ ရက်မှာ မြင်းခြံမြို့ပေါ် ဈေးရောင်း၊ ဈေးဝယ်လာတဲ့ ပြည်သူတွေထဲက ဆန်၊ ဆီ သယ်လာသူတွေကို စစ်အုပ်စု ငွေညှစ်ဂိတ်တွေက ပါးရိုက်လွှတ်ကာ နောက်ထပ် ၁၅ရက်အထိ စျေးရောင်းစျေးဝယ် မလာဖို့ သတိပေးပြောဆိုပြီးနောက် အခုလို လနဲ့ချီကြာ ပိတ်ဆို့ ဖြတ်တောက်ထားတာလို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက အသိပေးထားပါတယ်။

စက်တင်ဘာ ၇ ရက်က နွားထိုးကြီးမြို့နယ်ထဲ ဆန်နှစ်ပြည်အထက် သယ်ယူလာတဲ့ ဒေသခံတွေကို စစ်အုပ်စု ငွေညှစ်ဂိတ်တွေက ပါးရိုက်တာနဲ့ ဆန်တွေကို သွန်ပစ်တာတွေ လုပ်ခဲ့တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။

စစ်အုပ်စုက မြင်းခြံခရိုင်ထဲမှာ ကုန်ပစ္စည်း သယ်ယူရောင်းချခွင့်ကို ၁၅ ရက်သာ ပိတ်ဆို့မယ်လို့ ကြေညာခဲ့ပေမဲ့ စက်တင်ဘာ ၁၀ ရက်မှာ တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ကန့်သတ်ပိတ်ဆို့တာတွေ ပို တိုးလုပ်လာခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“အခုလိုတွေ မဖြစ်ခင်ကတည်းက မန္တလေးမြို့ပေါ် ဆေးသွားပြတဲ့သူတွေ ပြန်လာရင် ဆေးခန်းပြလာတဲ့ အကြောင်း (စစ်အုပ်စုဂိတ်တွေမှာ) ဆေးလက်မှတ် ပြရတယ်။ အဲဒီမှာ မြို့ပေါ်ကနေ ဝယ်လာတဲ့ ပစ္စည်းတွေ ပါလာရင် ဆေးခန်းကပေးလိုက်တဲ့ ဆေးကလွဲပြီး ကျန်တဲ့ လူသုံးကုန်ပစ္စည်း ဘာမှ သယ်လို့ မရဘူး။  အရင်တုန်းက သူတို့(စစ်အုပ်စု) ပိတ်မယ်လို့ပြောတာက ၁၅ ရက်လောက်ပဲလို့ ပြောတာ ကြားထားတာ။ တံတားဦးလေဆိပ် ဗုံးခွဲခံလိုက်ရတော့ အင်အားတွေ အများကြီးနဲ့ စစ်ကြောင်းတွေ ထိုးလာတယ်။ အဲဒီနောက်ပိုင်း ပိုဆိုးသွားတာပေါ့။ အခု မြင်းခြံကို လာတဲ့ လမ်းပိုင်းတွေ အကုန်လုံးက သူတို့ စကစ ဂိတ်တွေချည်းပဲ မနည်းဘူး”လို့ မြင်းခြံမြို့ခံက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြင်းခြံခရိုင်ထဲရှိ လမ်းပိုင်းတွေဖြစ်တဲ့ မြင်းခြံ-နွားထိုးကြီးလမ်း၊ မြင်းခြံ-မြို့သာ-တံတားဦးလမ်း၊ မြင်းခြံ-တောင်သာလမ်း၊ မြင်းခြံ-ညောင်ဦးလမ်း စတဲ့ လမ်းပိုင်းတွေအပြင် မြို့ပေါ်ကို လာတဲ့ ကျေးရွာချင်းဆက် လမ်းတွေကိုပါ ပြန်လည် စိုးမိုး ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

အာဏာသိမ်ပြီး ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုက လက်ရှိမှာ မြင်းခြံ-မြို့သာ-တံတားဦးလမ်းနဲ့ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွေကိုသာ အများပြည်သူ ဖြတ်သန်းသွားလာ အသုံးပြုခွင့်ပေးထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်သာမြို့နယ်ထဲမှာလည်း စစ်အုပ်စုက မြို့ပေါ်ကို ဈေးဝယ်ယူခွင့်နဲ့ သွားလာခွင့် ကန့်သတ် ထားလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“ဖြတ်လေးဖြတ် လုပ်ထားတဲ့ သဘောပေါ့။ ဘာကုန်ပစ္စည်းမှ သွားဝယ်လို့ မရဘူး”လို့ တောင်သာနယ်ခံက ပြောပါတယ်။

စစ်အုပ်စုဟာ မြင်းခြံခရိုင်ထဲ ဖြတ်လေးဖြတ် လုပ်ထားသလို မြို့ပေါ်မှာရှိတဲ့ လူငယ်တွေကိုလည်း စစ်သားသစ် စုဆောင်းနေပြီး စက်တင်ဘာ ၂၁ ရက်က မြင်းခြံမြို့ပေါ် ရပ်ကွက် ၁၉ ခုမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဗလာမပါ မဲနှိုက်ခိုင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံပြည်သူကို ဖြတ်လေးဖြတ် လုပ်ထားချိန် မြင်းခြံခရိုင် မြို့၊ရွာတွေထဲ စီးနင်းအထိုင်ချထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကတော့ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း လက်နက်အားကိုးနဲ့ ကျေးရွာတွေကို စီးနင်းကာ ပြည်သူပိုင် စားနပ်ရိက္ခာနဲ့ တန်ဘိုးရှိပစ္စည်းတွေကို ဖောက်ထွင်း လုယက် ဓားပြတိုက်တာ၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မြင်းခြံနယ် ကားလမ်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #မြင်းခြံ #ဖြတ်လေးဖြတ် #စားနပ်ရိက္ခာ

Related Articles

Back to top button