
ဒေသခံတွေ ညတွင်းချင်း စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ၊
MN/MFP ၊ စက်တင်ဘာ – ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို တိုက်ပွဲဖြစ်စဉ်မရှိဘဲ ဒီကနေ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်လို့ သားအမိ နှစ်ဦး အပါအဝင် ရွာခံပြည်သူ စုစုပေါင်း လေးဦး သေဆုံးကာ ဒဏ်ရာရသူ ကိုးဦး ရှိတယ်လို့ မြေပြင် သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁နာရီဝန်းကျင်မှာ ကန့်ဘလူနယ်တောင်ခြမ်းရှိ အင်းလယ်ကြီးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲပြီး ရော့ကတ် (Rocket)တွေနဲ့ပါ ပစ်ခတ်တာလို့ ဆိုပါတယ်။
“လေကြောင်းတိုက်တဲ့ အချိန်က (စစ်အုပ်စု) ကင်းထောက်ဒရုန်းတွေ ဝဲနေတာနဲ့ စစ်ကြောင်း သတင်းကြားရလို့ ပြည်သူတွေက စစ်ဘေးရှောင်ကြဖို့ ပြင်နေကြတဲ့အချိန်မှာ ဗုံးလာကြဲသွားတာ။ နေအိမ်ပေါ် တည့်တည့်ကျတဲ့ ဗုံးက သားအမိ နှစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်ထပ် ရော့ကတ်တွေနဲ့ ထပ်ပစ်သွားတဲ့ဟာက ကလေးငယ် တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထပ်ပြီးတော့ သေတယ်ဗျ။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်တဲ့ သူတွေက အင်းလယ်ကြီးရွာက ဒေသခံတွေပါဗျ” လို့ ကန့်ဘလူမြို့နယ် ညောင်ပေါင်ရင်း ပကဖ ရဲဘော်က MFP ကို ပြောပါတယ်။
ဗုံးထိလို့ အသက် ၃၀ ကျော်အရွယ် မိခင်နဲ့ ငါးနှစ်အောက် ကလေးငယ်တို့ သားအမိ နှစ်ဦး သေဆုံးသလို နောက်ထပ် ရွာခံပြည်သူ အသက် ငါးနှစ်အောက်ကလေးငယ်နဲ့ အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦးတို့လည်း သေဆုံးတယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့သူတွေကို ဒီကနေ့ နေချင်းပြီး သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဗုံးထိလို့ အင်းလယ်ကြီးရွာက နောက်ထပ် ဒေသခံ ကိုးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သေးသလို အဲဒီ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဗုံးထိလို့ အင်းလယ်ကြီးရွာထဲက ကုန်စုံဆိုင်နဲ့ ကားတစ်စီးလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
ကန့်ဘလူနယ်တောင်ခြမ်းက ဒေသခံတွေဟာ စစ်အုပ်စု စစ်ကြောင်းရန်ကြောင့် မကြာခဏ စစ်ဘေးတိမ်းရှောင် နေကြရပြီး ဒီကနေ့မှာလည်း အင်လယ်ကြီးရွာ လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ညတွင်းချင်း စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီဘက်မှာက ပြည်သူတွေက ညပိုင်းတွေမှာ မကြာခဏဆိုသလို စစ်ဘေးထွက်ပြီးတော့ တိမ်းရှောင် နေကြရတာ။ အတော်လေး ခက်ခဲကြတယ်။ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်သွားတော့ ပြည်သူတွေက လေကြောင်း ထပ်လာမှာ စိုးရိမ်လို့မို့ ညတွင်းချင်း စစ်ဘေးရှောင်နေကြရတယ်ဗျ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကန့်ဘူလူနယ်တောင်ခြမ်းက အင်းလယ်ကြီးရွာ အပါဝင် ညောင်ပေါင်ရင်း၊ ရွာမ၊ ညန်အင်း၊ ကျီးပင်အက်၊ သရက်တော၊ ထိန်တော၊ ကိုင်းရိုး စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ကန့်ဘလူနယ်ထဲမှာ စစ်အုပ်စုနဲ့ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကန့်ဘလူနယ် အင်းလယ်ကြီးရွာပေါ် စစ်အုပ်စုက ဗုံးကြဲ၊ ရော့ကတ်နဲ့ ပစ်လို့ ထိခိုက် သေဆုံးသူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ကန့်ဘလူ #အင်းလယ်ကြီးရွာ #အရပ်သားပြည်သူ



