စစ်ကိုင်းသတင်း

စစ်ကိုင်း-ကချင်အစပ် စစ်အုပ်စု ဗုံးပတ်ကြဲလို့ တစ်ပတ်အတွင်း အရပ်သား ၁၄ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ၊

ထီးချိုင့် – ကသာလမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ရေး စစ်အုပ်စုက စစ်ကြောင်းထိုးနေ၊

ခါးခါး/MFP၊ စက်တင်ဘာ – ၂၉

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်အစပ် အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဟုမ္မလင်း၊ မြို့နယ်အတွင်းရှိ ကုန်သွယ်ရေးလမ်းနဲ့ ကျေးရွာတွေကို  အာဏာသိမ်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးပတ်ကြဲသလို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာကြောင့် တစ်ပတ်တာအတွင်း ယာဉ်မောင်းနဲ့ ကုန်သည်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၂၁ရက်က စတင်ကာ စစ်ကိုင်း-ကချင်အစပ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းတလျှောက်၊ အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းမြို့နယ်တွေနဲ့ ဟုမ္မလင်းမြို့နယ်၊ ခန္တီး-ဟုမ္မလင်း-မန္တလေး လမ်းပိုင်းရှိ ကျေးရွာတွေနဲ့ ကုန်သွယ်ရေး လမ်းပိုင်းတွေကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်ကာ လက်နက်ကြီးတွေနဲ့ပါ ရမ်းကားပစ်ခတ်နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ‌ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးနဲ့ လမ်းပေါ် ဂိတ်ဖွင့် ငွေညှစ်နိုင်ရေး စစ်ကြောင်းတွေ ပတ်ထိုးနေပြီး စက်တင်ဘာ ၂၃ရက်က စလို့ ထီးချိုင့်မြို့ကတဆင့် ထီးချိုင့်-ကသာလမ်းပေါ် စစ်ကြောင်းထိုးနေကာ မဲအင်း-အစုကြီး -လှေဘို ကျေးရွာတွေ ဖြတ်ပြီးနောက် ကလုံကျေးရွာအနီး စစ်ကြောင်း ရောက်နေပြီလို့ ထီးချိုင့်ဒေသခံ တစ်ဦးက ပြောပါတယ်။

“ထီးချိုင့်က ထိုးတဲ့ စစ်ကြောင်းက အင်အား ၃၀၀ လောက် ပါတယ်။ မဲအင်း-အစုကြီး -လှေဘိုရွာတွေ ဖြတ်ပြီး ကလုံ(ရွာ) ရောက်နေပြီ။ ကသာအထိ တက်လောက်တယ်။ အဲ့ဒီလမ်းအတိုင်း ထိုးလာတာ”

အလားတူ ကောလင်းမြို့နယ်မှာလည်း စစ်အုပ်စုက  ‌ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ကျောက်တန်း လမ်းဆုံမှာ အထိုင်ချတပ်စွဲ ဂိတ်ဖွင့်ကာ ခရီးသွားတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတယ်လို့ ကောလင်းနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

“ကောလင်းမြို့ပေါ်မှာ စစ်တပ်ပဲ ရှိတော့တာ။ ကျောက်တန်းလမ်းဆုံမှာ စစ်တပ်က ထိုင်ထားတာ။ ကားတွေက ကွင်းလမ်းက ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် အဲ့ဒီဂိတ်တွေမှာ ပိုက်ဆံပေးကြရတာ”

စစ်ကိုင်း-ကချင် အစပ်မှာတော့ စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း တိုက် ခိုက်နေလို့ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

စက်တင်ဘာ ၂၃ရက်က အင်းတော်မြို့နယ်၊ မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ခရီးသွား ကားတန်းနဲ့ စက်သုံးဆီတင်ယာဉ်တွေကို စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ ဗုံး ၁၈လုံး ထက်မနည်း လိုက်လံ ကြဲချ တိုက်ခိုက်ခဲ့ရာ ခရီးသွားတွေ၊ ကုန်သည်တွေ အပါအဝင် အရပ်သားပြည်သူ ငါးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၂၃ရက်မှာပဲ ကသာနယ်၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲရာ သီလရှင်ဆရာလေးတစ်ပါး ပျံလွန်ပြီး နောင်ပိန်း‌ကျေးရွာပေါ် ဗုံးပတ်ကြဲရာမှာတော့ ရွာခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၃ရက်မှာပဲ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာ၊ ဧရာဝတီမြစ်ဆိပ်မှာ ခိုအောင်းနေတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့ရာ ထီးချိုင့်နယ်၊ ညောင်ပင်သာကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၄ရက်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ကုက္ကိုကုန်းကျေးရွာပေါ်ကို စစ်အုပ်စုက ဗုံးကြဲ လေယာဉ်နဲ့ နှစ်ကြိမ်ပျံဝဲပြီး ဗုံးနှစ်ကြိမ် ကြဲချသလို ရော့ကတ် (Rocket) နဲ့ လေးကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် တစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် နှစ်ဦး၊ စုစုပေါင်း အမျိုးသား သုံးဦး သေဆုံးကာ ရွာခံ ပြည်သူ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်လက်ပြီး စက်တင်ဘာ ၂၇ရက်မှာ ဟုမ္မလင်းမြို့နယ်၊ တုံဟဲရွာ၊ သီပန်းချောင်းအတွင်း ရွှေမျော လုပ်ကိုင်နေသူတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲရာ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင် သေဆုံးသူ ၁၄ ဦးအပြင် ထိခိုက်ဒဏ်ရာရသူ ၃၀ကျော် ရှိပြီးတော့ ဒဏ်ရာရသူ ထက်ဝက်ကျော်ဟာ အသက်အန္တရာယ် စိုးရိမ်ရကာ ဆေးဝါးကုသနိုင်ဖို့ ကြိုးစား နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရသူ၊ ဝမ်းဗိုက်ဒဏ်ရာရှိသူ၊ ခြေနဲ့လက် ဖြတ်တောက်ရမယ့်သူတွေ ပါဝင်ပြီး သွေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ကသာမြို့ခံ တစ်ဦးက ပြောပါတယ်။

“ဆေးကတော့ ကုတော့ ကုကြရတယ်။ သွေးထွက်လွန်သူတွေလည်း ပါတော့ သွေးတွေက အခုချိန် ရှာရတာ ခက်တာပေါ့”

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်းရဲ့ အထက်ဘက်၊ ကချင်ပြည်၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ရိုး တလျှောက် တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်အုပ်စု အထိနာ အသေများ ပြီးနောက် ကချင်ပြည်နဲ့ ထိစပ်နေတဲ့ ကောလင်း၊ အင်းတော်နဲ့ ကသာနယ်တွေကို စစ်အုပ်စုက နေ့စဉ် ဗုံးပတ်ကြဲ နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ စစ်ကိုင်းနဲ့ ကချင်အစပ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်အစပ်၊ အင်းတော်၊ ကသာနဲ့ ကောလင်းနယ်ထဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အင်းတော် #ကောလင်း #ရွှေဘိုမြစ်ကြီးနားကားလမ်း

Related Articles

Back to top button