စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးမှာ PDF တပ်ရင်းမှူးတစ်ဦး စစ်အုပ်စု လက်ထဲ ရောက်သွားပြီးနောက် စစ်အုပ်စုက ရွာနဲ့ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲ သတ်ဖြတ်နေ၊

စစ်အုပ်စုထံ လက်နက်ချသလား၊ ဖမ်းဆီးခံရသလား မသဲကွဲသေးဟုဆို၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ PDF တပ်ရင်းမှူးတစ်ဦး အာဏာသိမ်း စစ်အုပ်စုလက်ထဲ ရောက်သွားပြီးနောက် စစ်အုပ်စုက ချောင်းဦးနယ် ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်နေပြီး မနေ့က ဗုံးထိလို့ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD လက်အောက်ရှိ မုံရွာခရိုင် PDF အမှတ် ၁၅ တပ်ရင်း – ချောင်းဦးတော်လှန်ရေးတပ် – CRA တပ်ရင်းမှူးဖြစ်သူ ပျံလွှား (ခ) ဝေဇင်အောင် ဟာ စက်တင်ဘာ ၃၀ ရက်မှာ စစ်အုပ်စု လက်အောက် ရောက်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ချောင်းဦးနယ် အပါအဝင် မုံရွာခရိုင်ရှိ ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပြီး အောက်တိုဘာ ၂ရက် မနေ့က ညနေပိုင်း ချောင်းဦနယ်ရှိ စစ်ရှောင်တဲတွေ ဗုံးကြဲခံရကာ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးတာလို့ ဆိုပါတယ်။

“စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးပါတယ်၊ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိပါတယ်” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၂ရက် ညနေပိုင်း ချောင်းဦးနယ် အနောက်ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲတာ ဖြစ်ပြီး ဗုံးထိသေဆုံးတဲ့ စစ်ရှောင်ပြည်သူ နှစ်ဦးအနက် တစ်ဦးက ဦးခေါင်း ထိကာ ဦးခေါင်းကို ရှာမတွေ့တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုက ချောင်းဦးနယ် အပါအဝင် မုံရွာခရိုင်ထဲ ဗုံးပတ်ကြဲနေဆဲမို့ ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပါတယ်။

“လေကြောင်းအန္တရာယ်ကို ပြည်သူတွေ အများကြီး သတိထားဖို့ လိုပါတယ်၊ မပေါ့ကြပါနဲ့၊ လေကြောင်း သတိပေးချက် ရရင် လုံခြုံရာနေရာမှာ ပုန်းခိုကြဖို့လိုပါတယ်” လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာခရိုင် PDF အမှတ် ၁၅ တပ်ရင်း – ချောင်းဦးတော်လှန်ရေးတပ် – CRA တပ်ရင်းမှူးဖြစ်သူ ပျံလွှား (ခ) ဝေဇင်အောင် ဟာ ငွေကြေးကိစ္စ မပြေလည်မှုတွေကြောင့် စက်တင်ဘာ ၃၀ ရက်မှာ သေနတ် တစ်လက်၊ တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၁၅၀ခန့်နဲ့အတူ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချသွားတာလို့ သတင်းတွေ ထွက်နေပါတယ်။

ဖြစ်စဉ် အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ဘက်ပြောင်းသွားတာလား၊ ဖမ်းခံရတာလားဆိုတာ ခုထိ မသေချာသေးပါဘူးဗျ၊ ညနေကတော့ ချောင်းဦးမြို့နယ် အတွင်း တိုက်ပွဲမရှိဘဲ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ ရှိပါတယ်”

PDF တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ယောက် စစ်အုပ်စု လက်ထဲ ရောက်နေပြီမို့ ဆက်စပ်သူတွေနဲ့ ဒေသခံပြည်သူတွေ သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ အချင်းချင်း အသိပေး တိုက်တွန်းနေကြပါတယ်။

စစ်အုပ်စုဟာ ချောင်းဦး အပါအဝင် နိုင်ငံတဝန်းကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု လက်ထဲ ရောက်သွားတဲ့ မုံရွာခရိုင် PDF အမှတ် ၁၅ တပ်ရင်း (CRA) တပ်ရင်းမှူး ပျံလွှား/Photo – ပျံလွှား FB

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #မုံရွာ #ချောင်းဦး #CRAမုံရွာခရိုင်အမှတ်၁၅တပ်ရင်းမှူးပျံလွှား

Related Articles

Back to top button