စစ်ကိုင်းသတင်း

စစ်ကိုင်း ကန့်ဘလူနယ် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ အနည်းဆုံး ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံး၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းရှည်နဲ့ ထန်းတောကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တောတိုက်တွေကို ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိထားသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၃ရက် ဒီကနေ့ မနက် ၉နာရီကျော်အချိန် မကွေးမြို့ကနေ ပျံတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ကန့်ဘလူနယ် အရှေ့ခြမ်းရှိ ချောင်းရှည်ရွာ တောကျောင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တောတိုက်တွေကို ဗုံးပတ်ကြဲသလို ထန်းတောရွာ ဘုန်းကြီးကျောင်းကို ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ချောင်းရှည်ရွာက အသက် ၃၀ အရွယ် ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ၁၆နှစ်အရွယ် လူငယ်တစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ် အဖွားတစ်ဦးတို့ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ချောင်းရှည်နဲ့ ထန်းတောကျေးရွာတွေမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ တစ်နေ့တည်းမှာကိုပဲ ကန့်ဘလူနယ် အပါအဝင် စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဝက်လက်မြို့နယ်တွေကိုလည်း ဗုံးပတ်ကြဲခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူနယ် ကျေးရွာတွေရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တောတိုက်တွေကို စစ်အုပ်စုက ဗုံးကြဲခဲ့စဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ဘုတလင် #မုံရွာ #အညာ

Related Articles

Back to top button