မန္တလေးသတင်း

မြင်းခြံ တောင်သာမှာ စစ်အုပ်စု လက်အောက်ခံ စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲ၊

Non CDM ဆရာမ အပါအဝင် စစ်အုပ်စု လက်အောက်ခံ ကျောင်းသား ၁၅ ယောက် ဒဏ်ရာရ၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာပေါင်းကြီးကျေးရွာရှိ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ စာသင်ကျောင်းကို စစ်အုပ်စုကပဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ Non CDM ဆရာမ နဲ့ ကျောင်းသား ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၆ရက် ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်အချိန် တောင်သာနယ်၊ သာပေါင်းကြီးရွာရှိ မူလတန်းလွန် စာသင်ကျောင်းပေါ်ကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ပဉ္စမတန်းသင် ဆရာမ အပါအဝင် ကျောင်းသား ကျောင်းသူ ၁၅ ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“အာဏာရူးအောက်မှာ စစ်ကျွန်ခံနေကြတဲ့ စစ်ဘောမတွေရေ့ ခင်ဗျားတို့ ဘာကြောင့်များ စစ်ဘောမ နေကြတာလဲဗျာ၊ စဉ်းစားလို့ကို မရပါဘူးဗျာ။ အာဏာရှင် စနစ်ဆိုး အမြန် ကျရှုံးမှ တို့နိုင်ငံ အေးချမ်းမယ် ဆိုတာ ခင်ဗျားတို့ လက်ခံသင့်ပြီဗျာ” လို့ ဒေသခံတစ်ဦးက လူမှုကွန်ယက်မှာ ရေးပါတယ်။

အဲ့ဒီ စာသင်ကျောင်းကို ဗုံးကြဲတဲ့ စစ်အုပ်စုဟာ ထန်းပင်ကန်ကျေးရွာ ရေအောင်မြင်ဘုရားမှာ အထိုင်ချ တပ်စွဲထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံအဖွဲ့ လူထုသတင်းကွန်ယက် မလှိုင်မြို့က ဖော်ပြပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မလှိုင်နဲ့ တောင်သာနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ နေအိမ် ဖောက်ထွင်းလုယက်၊ မီးရှို့ပြီးနောက် မြို့ပေါ် ပြန်မဝင်သေးဘဲ ရွာတွေမှာ အထိုင်ချတပ်စွဲပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ ချက်ပြုတ်စားသောက်နေကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကလည်း မကွေးတိုင်း နတ်မောက်မြို့နယ်၊ ကံလေးကုန်းရွာရှိ စစ်အုပ်စု လက်အောက်ခံ မူလတန်းလွန်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကျောင်းသား တစ်ဦး သေဆုံးပြီး ကျောင်းသား ခုနှစ်ဦးနဲ့ ရွာခံပြည်သူ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ပါသေးတယ်။

မင်းအောင်လှိုင် ဦးဆာင်တဲ့ စစ်အုပ်စုဟာ ကနဦးက တော်လှန်ရေးအင်အားစုတွေ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲသတ်ဖြတ်နေရာက လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ကျောင်းတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

တောင်သာနယ်ရှီ စစ်အုပ်စု လက်အောက်ခံ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးပြန်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #မြင်းခြံ #တောင်သာ #စာသင်ကျောင်း

Related Articles

Back to top button