မန္တလေးသတင်း

မန္တလေး ကျော်တော်ကြီးပွဲဈေး စစ်အုပ်စုက ဆိုင်ခန်းခတွေ ဆတိုးကောက်ခံ၊

ငါးပေကျယ်ဆိုင်ခန်း ကျပ် ၁၀သိန်းအထိ ကောက်သလို ကားအပ်ခ ကျပ် ၁၀,၀၀၀ တောင်း၊

စစ်အုပ်စုက ဘုရားပွဲ၊ စျေးပွဲတွေ လုပ်ကာ ငွေရှာနေ၊

မာကျူရီ/MFP၊ အောက်တိုဘာ – ၁၁

မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားပွဲစျေးမှာ အာဏာသိမ်း စစ်အုပ်စုခန့် ဘုရားဂေါပကအဖွဲ့က လေလံစျေးတွေကို ဆတိုးနဲ့ တိုးမြှင့်တောင်းခံလို့ ဆိုင်ခန်းခတွေ ယခင်နှစ်ထက် ဆတိုးမြင့်တက်သလို ယာဉ်အပ်နှံခတွေလည်း မြင့်တက်ကာ ဆိုင်ကယ် ကျပ် ၅၀၀၀ နဲ့ ကားအပ်ခ ကျပ် ၁၀၀၀၀ အထိ ပေးဆောင်ရတယ်လို့ သတင်းရရှိပါတယ်။

ကျောက်တော်ကြီး ဘုရားပွဲစျေး ဦးဆောင်လုပ်တဲ့ စစ်အုပ်စုခန့် ဂေါပကအဖွဲ့က ဆိုင်ခန်းငှားရမ်းခ လေလံစျေးကို မနှစ်က ကျပ်သိန်း ၂၅၀၀ သာ တောင်းယူပေမယ့် ဒီနှစ် ကျပ်သိန်း ၇၅၀၀ အထိ တောင်းယူတာကြောင့် လေလံစျေး သုံးဆခုန်တက်သွားတာ ဖြစ်ပြီး ဆိုင်ခန်းငှားခတွေနဲ့ ယာဉ်အပ်နှံခတွေ စျေးတက်တာလို့ စျေးသည်တွေနဲ့ မန္တလေးမြို့ခံတွေက MFP ကို ပြောပါတယ်။

ကျောက်တော်ကြီး ဘုရားပွဲဈေး ဆိုင်ခန်းဌားရမ်းခတွေဟာ မျက်နှာအဖွင့် ငါးပေ အကျယ် တစ်ခန်းကို မနှစ်က ကျပ်နှစ်သိန်းကနေ လေးသိန်းကြားသာ ပေါက်ဈေး ရှိခဲ့ပေမယ့် အခုနှစ် ကျပ် ရှစ်သိန်းကနေ ၁၀ သိန်းကြား ပေါက်ဈေး ရှိတယ်လို့ စျေးသည်တွေက ပြောပါတယ်။

မန္တလေးတောင်ထိပ် ဘုရားတက်ဖူးသလိုမျိုး ဆိုင်ခန်းခ စျေးမြင့်တက်လွန်းတာကြောင့် အမြတ်ရဖို့ရာ မလွယ်ကူဘဲ ဒီနှစ် နားတယ်လို့  ဈေးသည် တစ်ဦးက ပြောပါတယ်။

“ဆိုင်ခန်းခတွေ တအားများတော့ ဒီနှစ်အိမ်မှာပဲ နားတော့မယ်။‌ ငှားရင် သုံးနေရာစာလောက် ငှားရမှာဆို‌တော့ ဆိုင်ခန်းခတင် သိန်း ၃၀ လောက် ဖြစ်နေပြီ။ နိုင်ငံရေးကြောင့် ဧည့်က အရင်လို မကျဘူး၊ အရင်လို ပိုက်ဆံမသုံးနိုင်တော့တာလည်း ပါတယ်၊ အရင်လို ရောင်းမကောင်းတော့ဘူး။  ဒီနှစ် နားလိုက်ဦးမယ်၊ ဖွင့်နေကျ မဖွင့်ရတာတော့ စိတ်ထဲ တမျိုးပဲ”

ဒီနှစ် ကျောက်တော်ကြီး ဘုရားပွဲမှာ ပုံမှန်‌ ‌စျေးလာရောင်းနေကျ ဆိုင်တွေ မတွေ့ရတာမျိုး ရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

“ဒီနှစ်ပုံမှန် လာဖွင့်နေကျ မြန်မာစားစရာ ရောင်းတဲ့ စားနေကျ မုန့်ဆိုင်ကြီးအချို့ မတွေ့ရဘူး၊ ငှားခ ဈေးတွေက ခေါင်ခိုက်နေတော့ တချို့ စဉ်းစားကြမှာပေါ့၊ အခု ဘုရားပွဲဈေး‌ဆိုတာ အရင်ကလို ညနက်အထိ မစည်တော့ဘူး၊ မနှစ်ကလည်း အသိဈေးသည်အချို့ ရောင်းမကောင်းလို့ ထိတယ် (ရှုံးတယ်) ပြောတယ်” လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဘုရားပွဲကျင်းပနေချိန် မိုးရွာကာ စျေးတန်းရေမြုပ်လို့ ဧည့်မလာတာ၊ ပေါ်တာဆွဲခံရမှာကြောက်လို့ ညပိုင်း ဧည့်မလာတာမျိုးလည်း ကြုံနေရတယ်လို့ စျေးသည်တချို့က ပြောပါတယ်။

ကျောက်တော်ကြီး ဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၃ ရက်ကနေ လပြည့်ကျော် ၇ ရက်အထိ ကျင်းပပြီး ယခုနှစ်မှာလည်း စစ်အုပ်စုက ရိုးရာမပျက် ကျင်းပနေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ရက်က မိုးရွာပြီးနောက် မန္တလေးကျောက်တော်ကြီးဘုရားပွဲစျေးတန်း ရေမြုပ်နေစဉ်/ Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ကျောက်တော်ကြီးဘုရားပွဲ ​ #​မန္တလေးတောင်ခြေ

Related Articles

Back to top button