မကွေးသတင်း

မြိုင်နယ် ရေနံမှော်အနီး တိုက်ပွဲ စစ်အုပ်စု အထိနာလို့ ဗုံးပတ်ကြဲနေ၊

စစ်ကြောင်းမှူး အပါအဝင် စစ်အုပ်စု အများအပြား သေကာ သုံ့ပန်းတွေ ဖမ်းမိ၊

အီသာရမ်/MFP၊ အောက်တိုဘာ-၁၃

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရေနံမှော်ဒေသ တဲကြီးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကြောင်းမှူး အဆင့် အပါအဝင် စစ်အုပ်စု အများအပြား သေကာ အထိနာတာကြောင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

 အောက်တိုဘာ ၁၂ ရက်က မြိုင်နယ် တဲကြီးရွာအနီး စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု အများအပြားကို သုတ်သင်နိုင်ခဲ့သလို သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ ဆိုပါတယ်။

““စစ်ကြောင်းမှူး သေတာက ဟုတ်တယ်၊ အလောင်းမရလိုက်ဘူး၊ သူတို့(စစ်အုပ်စု)က ရအောင် ပြန်ဆွဲ သွားတာ၊ ဖမ်းမိတာက ပစ (စစ်မှုထမ်းစစ်သားသစ်)တွေပါ၊ အလကားကောင်တွေ မိထားတာ” လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီနေ့ မနက် ၂ နာရီကစလို့ စစ်အုပ်စုက တဲကြီးကျေးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စု အတွက် Y-12 အမျိုးအစား လေယာဉ်နဲ့ ခဲယမ်းနဲ့ အစာရိက္ခာ ချပေးသလို  ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ (Gyrocopter)တို့နဲ့ ဗုံးပတ်ကြဲ တိုက်ခိုက်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခွေးတွေက မနေ့ညက နှစ်ချက်တီးလောက်ကြီးပဲ၊ Y12 နဲ့ ဆေးဝါးရယ်၊ ခဲယမ်းရယ် ချက်ချင်းကို ချသွားတာ၊ အခုမနက်လည်း ဖိုက်တာတွေ၊ ဂျိုင်ရိုတွေ တောက်လျောက်ကြဲနေတာ”

စစ်အုပ်စုက ဗုံးပတ်ကြဲလို့ နေအိမ်တချို့ ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ပခုက္ကူုမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ပျူစောထီးတွေနဲ့ ပေါင်းပြီး အင်အား ၅၀၀ လောက်နဲ့ မြိုင်နဲ့ ပေါက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ တပ်ရင်းသုံးရင်းပေါင်းကာ ဗျူဟာစစ်ကြောင်းအဖြစ် ပေါက်နဲ့မြိုင်နယ်၊ ရေနံမှော်ဒေသကို ဖျက်ဆီးဖို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ယခု လက်ရှိ စစ်အုပ်စု ခိုအောင်းနေတဲ့ တဲကြီးရွာထဲ ရောက်နေတာ နှစ်လခန့်ရှိပြီလို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်အုပ်စု စစ်ကြောင်းမှူးတစ်ယောက်ကို သုတ်သင်နိုင်ခဲ့ပေမယ့် နောက်ထပ် စစ်ကြောင်းမှူး နှစ်ယောက် ကျန်နေသေးတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

တဲကြီးကျေးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေရဲ့ အလစ်အငိုက်ကို ချောင်းကာ ကျေးရွာထဲက ထွက်လာပြီးနောက် ရွာအနီးဝန်းကျင်ရှိ ရေနံတွင်းတွေကို လိုက်လံ မီးရှို့ဖျက်ဆီးလေ့ ရှိသလို ပြည်သူပိုင် အစားအစာ ရိက္ခာတွေကို လိုက်လံခိုးယူစားသောက်နေတာလို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ လေးလကျော်အတွင်း ကျေးရွာ ၁၀ရွာကျော် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို အဲ့ဒီ ရွာတွေက ဒေသခံ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မြိုင်နဲ့ ပေါက်နယ် တိုက်ပွဲမှာ စစ်အုပ်စုထံက သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေ/Photo – အညာမြေ တပ်ပေါင်းစု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မြိုင် ​ #​ရေနံမှော်ရေနံတွင်း

Related Articles

Back to top button