မန္တလေးသတင်း

မြင်းခြံခရိုင်အတွင်း လက်နက်ခဲယမ်းရောင်းဝယ်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးသွားမယ်လို့ ခရိုင်စစ်ဌာန ထုတ်ပြန်၊

အရပ်သားတွေပါ လက်နက်ဝယ်ကိုင်ပြီး ဓားပြတိုက်လုယက်တာတွေ များလာတာကြောင့်လို့ ခရိုင်စစ်ဌာန တာဝန်ရှိသူပြော၊

MN/MFP ၊ အောက်တိုဘာ – ၁၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ တပ်ရင်း၊တပ်ဖွဲ့တွေ အပါဝင် လက်နက်ခဲယမ်း ရောင်းဝယ်သူတွေအားလုံးကို ပစ်ခတ်ဖမ်းဆီးတာတွေ အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြင်းခြံခရိုင်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ပ.က.ဖ၊ LPDF တပ်ဖွဲ့တွေအနေနဲ့ ခရိုင်အတွင်းမှာ လက်နက်၊ ခဲယမ်း ရောင်းဝယ်တာကို တားမြစ်လိုက်တာဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာတွေ အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမှာဖြစ်တယ်လို့ မြင်းခြံခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို တားမြစ်မိန့် ထုတ်ပြန်လိုက်တာဟာ အရပ်သားတွေကပါ လက်နက်ဝယ်ယူ ကိုင်ဆောင်လာပြီးနောက် ပြည်သူတွေကို ဓားပြတိုက်လုယက်တာတွေ များလာတာကြောင့်ဖြစ်တယ်လို့ ခရိုင်စစ်ဌာန တာဝန်ရှိသူက MFP ကို ရှင်းပြပါတယ်။

“အဓိက,ကတော့ ဓားပြမှုတွေဖြစ်လာတာရော၊ အရပ်သားတွေ လက်နက်ဝယ်ကိုင်လာတာရောကြောင့်ပါ။ လက်နက်တွေက လူတိုင်းလိုလို ကိုင်နေကြတာဆိုတော့ ခိုး၊ဆိုး၊လုယက်တွေ ထိန်းရတာ အဆင်မပြေတော့ဘူး။ နောက်ပြီး ခရိုင်အတွင်းမှာ လက်နက်ခဲယမ်း ဝယ်ရောင်းဖြစ်ခဲ့ရင် ရဲဘော်တွေက ရောင်းမှာစိုးတာလည်း ပါပါတယ်။ ခရိုင်အတွင်းမှာတော့ ဘယ်အဖွဲ့အစည်းမှ (လက်နက်ဝယ်ရောင်းခွင့်)ခွင့်မပြုပါဘူး။ NUG အစိုးရအောက်မှာရှိတဲ့ လက်နက်က ရောင်းပိုင်ခွင့်မရှိပါဘူး။ တပ်ရင်း၊တပ်ဖွဲ့တွေက ဝယ်ထားရင်လည်း (NUG)အစိုးရကို စာတင်ရပါတယ်။ အဲဒီ လက်နက်တွေက အစိုးရနဲ့ပြည်သူပိုင်တာပါ။ ပြည်သူဝယ်ပေးထားတဲ့ လက်နက်က ရောင်းဝယ်ခွင့်မရှိပါဘူး”လို့ မြင်းခြံခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံခရိုင်ထဲမှာ လက်နက်ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ဓားပြတိုက်လုယက်မှုတွေ ကျူးလွန်နေတဲ့ သူတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး ကျူးလွန်သူအများစုဟာ စစ်အုပ်စုနဲ့ ပတ်သက်သူတွေဖြစ်တယ်လို့လည်း ခရိုင်စစ်ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။

“တပ်ပြေးတွေနဲ့ စကစ ဘက်နဲ့ ဆက်နွယ်တဲ့သူတွေ (လက်နက်ကိုင်ဓားပြတိုက်မှု)များတာ။ လောလောဆယ် ဖမ်းဆီးအရေးယူထားတာတွေရှိပါတယ်။ ဒီနှစ်ထဲမှာကိုက အဖွဲ့လိုက်ဖမ်းမိထားတာက လေးဖွဲ့လောက်ရှိတယ်။ အဲဒါတွေကိုတော့ ခရိုင်-ပကဖ ဘက်က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်”လို့ သူက ဆိုပါတယ်။

မြင်းခြံခရိုင်အတွင်း ဘယ်တပ်ရင်း၊တပ်ဖွဲ့လက်အောက်ကမှ မဟုတ်ဘဲ လက်နက်အားကိုးနဲ့ တော်လှန်ရေးအမည်ခံ ဓားပြတိုက်၊လုယက်နေတဲ့ အဖွဲ့တချို့ရှိနေတယ်လို့လည်း မြင်းခြံခရိုင်စစ်ဌာနရဲ့ နောက်ထပ်တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြပါတယ်။

“လက်နက်ကို ဝယ်လို့ရတိုင်း ဝယ်တယ်။ ခဲယမ်းလည်း ဝယ်လို့ရတိုင်း ဝယ်တယ်။ အဲဒီလိုတွေ ဖြစ်နေတာ။ အဓိက,ကတော့ ဓားပြမှုတွေပေါ့။ ဓားပြမှုနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားရတာတွေလည်း ရှိပါတယ်။ အဲဒီအဖွဲ့တွေ(လက်နက်ကိုင်ဓားပြတိုက်)ဆိုတာက ပကဖ လက်အောက်လည်း မဟုတ်ဘူး။ တပ်ရင်း၊တပ်ဖွဲ့တွေ အောက်မှာလည်း မဟုတ်ဘူး။ Local PDF လိုလို ဘာလိုလိုတွေနဲ့ ဒလန်ရှင်းသလို ဘာလိုလိုတွေနဲ့ ဓားပြတိုက်တာတွေဖြစ်နေလို့ အခုလို စာထုတ်လိုက်တာပါ။ ဓားပြမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိထားတာတွေကို ခရိုင်ကနေ ထုတ်ပြန်ပေးပါမယ်”လို့ သူကဆိုပါတယ်။

မြင်းခြံခရိုင်အတွင်းမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ဓားပြတိုက် လုယက်မှုပေါင်း ၅၁ မှုနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ၁၁ မှု ဖြစ်ပွားခဲ့ကာ၊ကျူးလွန်သူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေပါ ပါဝင်သလို တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြင်းခြံခရိုင် – ပကဖ က စက်တင်ဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေကလည်း လမ်းမတွေပေါ်မှာ ဂိတ်ဖွင့်ပြီး လက်နက်အားကိုးနဲ့ ခရီးသွားပြည်သူတွေဆီက စားနပ်ရိက္ခာ ရွှေ၊ငွေစတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဓားပြတိုက်လုယူတာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်၊ မီးရှို့၊ သတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

မြင်းခြံခရိုင်အတွင်း အုပ်စုဖွဲ့ ဓားပြတိုက်လုယက် မုဒိမ်းကျင့်နေသူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့စဉ်/ဓါတ်ပုံ-မြင်းခြံခရိုင်-ပကဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံခရိုင်

Related Articles

Back to top button