စစ်ကိုင်းသတင်း

သာသနိကနယ်မြေတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုကို ဆုံးမပေးဖို့ မဟနအဖွဲ့ထံ စစ်ကိုင်းတိုင်းသပိတ်အင်အားစု စာပေးပို့လျှောက်ထား၊သမိုင်းဝင် မဟာစည်ရိပ်သာကျောင်းတိုက် ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး မဟနဆရာတော်တွေ နှုတ်ဆိတ်နေတဲ့အပေါ် မေးခွန်းထုတ်

MN/MFP ၊ အောက်တိုဘာ – ၁၅

စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ ဗုဒ္ဓသာသနိကနယ်မြေတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ရက်စွဲနဲ့ စာပေးပို့လျှောက်ထားလိုက်ပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်နဲ့မသက်ဆိုင်တဲ့ ဗုဒ္ဓသာသနိက အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေပြီး အောက်တိုဘာ ၁၀ ရက် (တော်သလင်းလကွယ်နေ့- ဥပုသ်နေ့)မှာ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး မူလသီတင်းသုံးခဲ့ရာ ကျောင်းတိုက်ကို အကြောင်းမဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာပါ။

စစ်အုပ်စု ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ဆိပ်ခွန်ရွာက မဟာစည်ကျောင်းတိုက်ဟာ ဂုဏ်သိက္ခာကြီးမားစွာရပ်တည်ခဲ့ ကျောင်းတော်ဖြစ်တဲ့အပြင် လတ်တလောမှာ မဟာစည်နာယက အဖွဲ့ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆိပ်ခွန်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်လည်း ဖြစ်ပါတယ်။ဒီလို တော်လှန်ရေးနဲ့လည်း တစုံတရာ ပတ်သက်မှုမရှိဘဲ မဟာစည်ကျောင်းတိုက် ဗုံးကြဲဖျက်ဆီးခံရတဲ့‌‌အပေါ် မဟနဆရာတော်တွေ နှုတ်ဆိတ်နေကြတာကိုလည်း စစ်ကိုင်းတိုင်း သပိတ်အင်အားစုက လျှောက်ထားမေးခွန်းထုတ်ထားသလို ဗုံးကြဲတိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်စေဖို့ စစ်အုပ်စုကို ဆုံးမသြဝါဒပေးဖို့ကိုလည်း မဟနထံလျှောက်ထား တောင်းဆိုထားပါတယ်။

“အပြစ်မဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်စေရေးအတွက် စစ်အုပ်စုကို ဆုံးမဩဝါဒပေးတော်မူကြဖို့၊ ဗုဒ္ဓဘာသာရဲ့ သာသနာ့နယ်မြေတွေနဲ့ ဥပုသ်သီလ ဆောက်တည်နေသူတွေရဲ့ လုံခြုံရေးအတွက် ထိရောက်စွာ အသံထုတ်ပြန်ပေးဖို့၊ ဘုရား၊ ကျောင်း စတဲ့ ကန့်သတ်နယ်မြေတွေကို စစ်ပွဲအတွင်း ပစ်မှတ်မထားဖို့ရာ လိုအပ်တဲ့ မေတ္တာရပ်ခံတားဆီးမှုတွေကို အရှင်ဘုရားတို့ မေတ္တာဓာတ်နဲ့ ရှေ့တန်းကနေ ရပ်တည်ဆောင်ရွက်ပေးတော်မူပါရန် ဘုရားတပည့်တော်များ ခြေတော်ဦးခိုက် တောင်းဆိုလျှောက်ထားအပ်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လျှောက်ထား တောင်းဆိုထားပါတယ်။

စစ်အုပ်စုဟာ မဟာစည်ကျောင်းတိုက်လို ထင်ရှားကျော်ကြားတဲ့ ကျောင်းတိုက်တွေကိုသာမက မြောင်မြို့နယ် ဆဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း တရားစခန်းပွဲ၊ ချောင်းဦးမြို့နယ် ပန်းလှတောရဘုန်းကြီးကျောင်း၊ ကန့်ဘလူမြို့နယ် ထန်းတပင်ရွာ ဘုန်းကြီးကျောင်း စတဲ့ မထင်မရှား သာသနာပြုနေတဲ့ ကျောင်းတိုက်တွေကိုလည်း ဗုံးကြဲဖျက်ဆီးခဲ့လို့ဘုန်းတော်ကြီးတွေ။ရဟန်း၊သာမဏေတွေနဲ့ ယောဂီတွေနဲ့ ဥပုသ်သည်တွေ သေဆုံးထိခိုက် ဒဏ်ရာတွေ ရှိခဲ့တယ်လို့ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ချောင်းဦးနယ်ဒေသခံ ဆရာတော်တစ်ပါးကလည်း စစ်အုပ်စုမှာ ဘာသာရေးဆိုတာမရှိတော့ဘဲ ဟန်ပြဘာသာရေးနဲ့ ဘာသာရေးကို အသုံးချရုံသပ်သပ်သာဖြစ်တယ်လို့ MFP ကို မိန့်ကြားပါတယ်။

“သူတို့ အကျိုးစီးပွား သူတို့အာဏာအတွက်ဆို သူတို့မှာ ဘာသာရေးဆိုတာ မရှိတော့ဘူးလေ။ သူတို့မှာရှိတာက ဟန်ပြ ဘာသာရေးနဲ့ ဘာသာရေးကို အသုံးချရုံသပ်သပ်ပဲ သူတို့အတွက်ကတော့။ သူတို့ရဲ့ လုပ်ရပ်တွေကတော့ ပြောစရာ စကားတောင် မရှိတော့ပါဘူးဗျာ။ ယုတ်မာအောက်တန်းကျချက်က ကန်းကုန်နေပြီလေ”လို့ ဆရာတော်က မိန့်ပါတယ်။

ဘုန်းကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အဦတွေကို စစ်အုပ်စုက ဦးတည်ဗုံးကြဲနေတဲ့အပေါ် အဓိက တာဝန်ရှိတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေက တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိတဲ့အတွက် အခုလို စာထုတ်ပြန်လျှောက်ထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု အထွေထွေလုပ်ငန်း ကော်မတီဝင် ကိုဇွဲမင်းထက် က MFP ကို ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီက ပြီးခဲ့တဲ့ တနေ့က မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို အခြေတည်ပြီးတော့ ရှေ့ရက်ပိုင်းတွေမှာလည်း စစ်ကိုင်းတိုင်းထဲနဲ့ တနိုင်ငံလုံးက ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီးတော့ လေကြောင်းက ဗုံးကြဲတာနဲ့ပတ်သက်ပြီး သာသနာတော်ရဲ့ အဓိက တာဝန်ရှိတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ဘုရားကြီးတွေကို ကျွန်တော်တို့ သပိတ်ကော်မတီအနေနဲ့ စာထုတ်ပြီးတော့ လျှောက်ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားကြီးတွေဘက်က တစုံတရာ တုန့်ပြန်ပြောဆိုလာတာ မရှိတဲ့အတွက် ဒီစာကို ထုတ်ပြန်ရတာဖြစ်ပါတယ်။ ဒီကောင်တွေ(စစ်အုပ်စု)က ဥပုသ်သီတင်းဆောက်တည်နေကြတဲ့ ဘုန်းကြီးကျောင်းတွေမှန်း သိပါလျက်နဲ့ ရက်ရက်စက်စက် ဗုံးကြဲနေတာဟာ ပြည်သူလူထုကို စောင့်ရှောက်ရမယ်၊ ပြည်သူလူထုဆိုတဲ့ အရာတခုဟာ သူတို့စိတ်ထဲမှာမရှိတော့ဘူးဆိုတာ ထင်ရှားတယ်။ လူထုအပေါ်မှာ ဘာမှထည့်တွက် စဉ်းစားမနေဘူးဆိုတာ အထင်အရှားပါ”လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာမှာရှိတဲ့ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ မဟာစည်ကျောင်းတိုက်ဟာ မဟာစည်ဆရာတော်ကြီး မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်က စတင်ကာ တရားပြသခါနီးအချိန် ကျောင်းတိုက်အတွင်းရှိ စည်တော်ကြီးကို တီးခတ်ပြလေ့ရှိတာကြောင့် မဟာစည်ကျောင်းလို့ အမည်တွင်ခဲ့တာဖြစ်တယ်လို့ မဟနအဖွဲ့ထံ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။

အဲဒီမဟာစည်ကျောင်းတိုက်ကို အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ စစ်အုပ်စုက လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးလာရောက်တိမ်းရှောင်နေကြတဲ့ အသက် ၇၀ ကျော် အဖွားတစ်ဦးနဲ့ အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထက် မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ အလားတူ ချောင်းဦးမြို့နယ်မှာလည်း အောက်တိုဘာ ၈ ရက်က ပန်းလှတောရ ဘုန်းကြီးကျောင်းကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် သံဃာတော် နှစ်ပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်၊ ဝါခေါင်လဆန်း ၈ ရက်(ဝါတွင်းကာလ ဥပုသ်နေ့)ကလည်း မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ ပြုလုပ်နေတဲ့ ဝါတွင်းကာလ တရားစခန်းပွဲကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ဥပုသ်သီလဆောက်တည်နေသူတွေအပါဝင် ဒေသခံ ၁၆ ဦးသေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၆၂ ဦးသေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ Aerial Attacks by Military Junta Data Dashboard မှာ ဖော်ပြထားပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ မဟာစည်ကျောင်းနဲ့ အင်ကြင်းပင်ကျောင်းရှိ တရားနာနေသူတွေကို စစ်အုပ်စုက အောက်တိုဘာ ၁၁ ရက်နေ့ ဥပုသ်နေ့က ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – ရွှေဘို ပကဖ

Related Articles

Back to top button