မကွေးသတင်း

ရေစကြိုမှာ စစ်အုပ်စုဗုံးကြဲလို့ ရင်ခွင်ပိုက်ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ ပြည်သူ ၁၁ ဦး သေဆုံး၊ ဒဏ်ရာရသူများပြား

အီသာရမ်/MFP၊အောက်တိုဘာ-၁၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က သစ်ကြီးတောကျေးရွာကို ဦးတည်ပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာကိုဦးတည်ပြီး ပခုက္ကူတပ်မ ၁၀၁၊ ညောင်ဦးမြို့အထိုင်တပ်၊ မကွေးလေတပ်တို့ကနေ တက်လာတဲ့ ဒရုန်း၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေသုံးပြီး ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) ပြန်ကြာရေးတာဝန်ခံ က ပြောပါတယ်။

“အားလုံးပေါင်း ၁၁ ယောက်သေတယ်ဗျ။ နှစ်ယောက်လောက်ပဲ Body က ကောင်းကောင်းတွေ့တာ။ ကျန်တဲ့သူတွေက တစ်စစီဖြစ်သွားတာ။ ရွာတွေကလည်း တစ်ယောက်မှ မရှိတော့ဘူး ဘေးရွာတွေလည်း တစ်ယောက်မှ မရှိတော့ဘူး”လို့ သူက ပြောပါတယ်။

စစ်အုပ်စုဟာ သစ်ကြီးတောကျေးရွာအနီးက ပိတ်သင်းကပ်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခုလို ထိခိုက်သေဆုံးသူများပြားခဲ့တာလို့ ဆိုပါတယ်။

ရေစကြိုမြို့နဲ့ ၁၄ မိုင်ခန့်အကွာ၊ ပခုက္ကူမြို့နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ သစ်ကြီးတောကျေးရွာမှာ တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ အခုလို လေကြောင်းတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းရန်ကြောင့် သစ်ကြီးတောကျေးရွာ၊ ဝက္ကတောကျေးရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်ကောက်ဆိပ်ကျေးရွာတို့က ဒေသခံပြည်သူတွေအားလုံး ထွက်ပြေးရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

အခု လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေရရှိဖို့ MFP က ဆက်လက်စုံစမ်းနေပါတယ်။

Related Articles

Back to top button