မန္တလေးသတင်း

မန္တလေးနဲ့ ရှမ်းတောင်အစပ် ရွာငံမှာ တိုက်ပွဲဖြစ်ပြီး အရာရှိ အပါအဝင် စစ်အုပ်စု ၁၀ ယောက် သေ၊

လက်နက်တွေ ရ၊

Phoenix/MFP၊ အောက်တိုဘာ – ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော် (DSNDA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရာရှိ အဆင့်တွေ အပါအဝင် စစ်အုပ်စု ၁၀ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ DSNDA က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက ရွာငံနဲ့ သာစည်အစပ်မှာ အင်အား ၅၀ ဝန်းကျင်ပါ စစ်အုပ်စုနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အရာရှိအဆင့်နှစ်ယောက် အပါအဝင် စစ်အုပ်စု ဆယ်ချီသေကာ ၁၅ ယောက် ထက်မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် တပ်မ ၆၆ ခေါ် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်က စစ်အုပ်စု ဖြစ်ပြီး တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စု တပ်ပျက်ကာ ဖရိုဖရဲ ထွက်ပြေးတယ်လို့ လို့ DSNDA တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“တပ်မ ၆၆ ပါ၊ ပစတွေ (ပြည်သူ့စစ်မှုထမ်း ခေါ် ပေါ်တာဆွဲ စစ်သားသစ်) လည်း များပါတယ်။ လက်ရှိမှာလည်း အင်အားအများနဲ့ စစ်ကြောင်းထိုးနေဆဲပါ။ ရဲဘော်တွေဘက်က ထိခိုက်ကျဆုံးမှု မရှိပါဘူး”

တိုက်ပွဲအတွင်း MA-1 သေနတ်တစ်လက်၊ MA-3 သေနတ်တစ်လက်၊ ကျည်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။

အဲ့ဒီ တပ်မ ၆၆ က စစ်အုပ်စုဟာ အရင်ကတည်းက ရွာငံဒေသအတွင်း စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက အဲ့ဒီ ရွာငံနဲ့ သာစည်နယ်အစပ်ကို အင်အားအများအပြားနဲ့ ဆက်လက် စစ်ကြောင်း ထိုးနေတယ်လို့လည်း DSNDA တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ရွာငံမြို့နယ်အတွင်း အင်အားထောင်ချီ အသုံးပြုကာ စစ်ကြောင်း ထိုးနေတာ ဖြစ်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်နဲ့ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူတာ၊ အောက်တိုဘာ ၈ ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ရွာငံနယ် သစ်စေးကုန်းကျေးရွာပေါ် ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ပျက်စီးတာတွေ ရှိတယ်လို့ DSNDA က အောက်တိုဘာ ၁၂ ရက်မှာ သတိပေး ထုတ်ပြန် ထားပါတယ်။

ရွာငံနဲ့ သာစည်နယ်အစပ် တိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – DSNDA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #သာစည် ​ #​ရွာငံ

Related Articles

Back to top button