မကွေးသတင်း

မြိုင်နယ်ကို စစ်အုပ်စု ပေါင်ဗုံးတွေနဲ့ကြဲလို့ အရပ်သား သုံးဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ၊မြိုင်နယ်ကို စစ်အုပ်စုက နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေ

အီသာရမ်/MFP၊အောက်တိုဘာ-၂၄

မကွေးတိုင်း ၊မြိုင်မြို့နယ်၊ တောင်ရိုးကျေးရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေနဲ့ ပြင်းအားမြင့်တဲ့ ပေါင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းက မြိုင်မြို့နယ် တောင်ရိုးကျေးရွာအနီးကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ပြင်းအားမြင့်ပေါင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်ကြီးရွယ်အို‌အမျိုးသားတစ်ဦး အပါအဝင် ဒေသခံသုံးဦး သေဆုံးကာ က‌လေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

“အမျိုးသမီးတစ်ယောက်၊အမျိုးသမီးရဲ့ဖခင်ရယ် အသက် ၆၀ ကျော် ၇၀ လောက်ရှိမယ် ထင်တယ် အဲဒါရယ် တခြားက တောကို သံပုရာသီးကောက်လာတဲ့ အသက် ၃၀ ကျော်လောက်တစ်ယောက်ရယ် နဲ့ဒီအမျိုးသမီးရဲ့ ကလေး တစ်ယောက်နဲ့ဆို လေးယောက်ထိတာပေါ့၊သုံးယောက်ကတော့ သေသွားပြီ ကလေးလေးပဲ မသေတာပေါ့နော် ဆေးကုနေရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက မြိုင်မြို့နယ်က အရပ်သားပြည်သူတွေကို ဦးတည်ကာ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတာဖြစ်ပြီး ဒီနေ့ကြဲချတိုက်ခိုက်သွားတဲ့ ဗုံးတွေဟာ ပြင်းအားမြင့်တဲ့ ပေါင်ဗုံးတွေဖြစ်ပြီး ဗုံးသီးကျရောက်တဲ့နေရာနဲ့ဝေးတဲ့ နေအိမ်တွေထဲကိုပါ ထိမှန်ပျက်စီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီကောင်တွေချတာ နဂိုက ပုံစံမျိုး ၆၀ တို့ ၁၂၀ တို့ ၈၀ တို့လို ရော့ဗုံးသီးမဟုတ်ဘူးဗျ၊ပေါင် ၂၀၀၊၂၅၀ ဖြစ်မယ်ထင်တယ်၊ဘာလို့ဆို ဒဲ့မဟုတ်ဘူး နည်းနည်းဝေးတယ်၊ဝေးတာကြီးကို အိမ်ဘက်နဲ့ လူတွေဘက် ထိတာပေါ့၊နောက်တစ်ခုက ဒါနဲ့ဆန့်ကျင်ဘက် သနပ်ခါးခင်းကြီးဆိုလည်း အဲဒီသနပ်ခါးခင်းလည်း တစ်ခင်းလုံးထိသွားတာပဲ တော်တော်ကြီးတယ် ဗုံးသီးကလေ”လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

စစ်အုပ်စုက ခုလပိုင်းတွေအတွင်းမှာ မြိုင်နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေနဲ့ စစ်ရေးတင်းမာတဲ့နေရာတွေ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကိုပါ လေကြောင်းကနေ လေယာဉ်မျိုးစုံ၊ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေ ၊ဒရုန်းတွေနဲ့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ မနေ့ကလည်း မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၁ ရက် ညပိုင်းကလည်း မြိုင်မြို့နယ်၊ ဖန်းကန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဒရုန်းနဲ့ တိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စုက မြိုင်မြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးရောက်ရှိနေတာဖြစ်ပြီး လက်လွှတ်ခဲ့ရတဲ့ ရေနံမြေတွေကို ပြန်လည်သိမ်းပိုက်ဖျက်ဆီးလိုတာကြောင့် အခုလို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းတွေက ကျောက်ခွက်ရေနံမြေအနီး တဲကြီးကျေးရွာနဲ့ တွင်းမပျူစောထီးစခန်း အနီးတဝိုက်တွေမှာ ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့စစ်ရေးတင်းမာနေတဲ့ အနေအထားလို့ဆိုပါတယ်။

ကျောက်ခွက်ရေနံမှော် အနီး တဲကြီးကျေးရွာမှာလည်း စစ်အုပ်စုစစ်ကြောင်းရောက်ရှိနေတာ ၂ လခန့်ကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့် အထိနာကာ ရှေ့မဆက်နိုင်ဖြစ်နေတာ ဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်း ရှေ့ဆက်ဖို့အတွက် မြိုင်မြို့နယ် တောင်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကူပို့ထားပြီး တွင်းမပျူစောထီးကျေးရွာကတစ်ဆင့် အနီးအနားတွေကို မွှေနှောက်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် မြိုင်မြို့နယ်က ဒေသခံပြည်သူ ထောင်နဲ့ချီဟာ စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး လေကြောင်း အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းက စစ်အုပ်စု မြိုင်နယ်တောင်ရိုးကျေးရွာကို ဒရုန်းနဲ့တိုက်ခိုက်သွားစဉ်/ဓာတ်ပုံ- ဒေသခံ

Related Articles

Back to top button