စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

ထီးချိုင့်နဲ့ တကောင်းကြား၊ မန္တလေး-ဗန်းမော် လမ်းပေါ်က စစ်အုပ်စု စခန်းတွေ စီးနင်းတိုက်ခိုက်၊

ထင်လင်း/MFP၊ အောက်တိုဘာ -၂၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အကြား၊ မန္တလေး – ထီးချိုင့် – ဗန်းမော် ကားလမ်းပေါ်က စစ်အုပ်စု အထိုင်စခန်းတချို့ကို အောက်တိုဘာ ၂၄ရက် မနက်အစောပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တကောင်းမြို့နဲ့ နှစ်မိုင်ခန့်အကွာ လမ်းဆုံ တဝိုက်ကနေ မြောက်ဘက် အင်းနက်အုပ်စု၊ တောင်တလုံးကျေးရွာ တဝိုက်အထိ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က တကောင်းလမ်းဆုံနားရယ်၊ မတောင်ရယ်၊ တောင်တလုံးကို ဝင်စီးတယ်၊ အခြေနေကောင်း၊ အကုန်ရတယ်။ မထိုင်ခဲ့ဘူး၊ ပြန်ဆုတ်ထားတယ်၊ မနေ့က တစ်ရက်ထဲပါ၊ လမ်းပေါ်က စစ်တပ်ဂိတ်တွေ ရှင်းလင်းရေး လုပ်ရုံပါ” လို့ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ အဆိုပါလမ်းကြောပေါ်မှာ ဂိတ်တွေချပြီး ဒေသခံပြည်သူ၊ ခရီးသွားနဲ့ ကုန်တင်ကားတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ဓားပြတိုက် လုယက်တာတွေ တောက်လျှောက် ကျူးလွန်နေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွါးတာကြောင့် အဆိုပါ ကားလမ်းကြောပေါ်က ခရီးသွား ကားတွေ၊ အဓိကအားဖြင့် မန္တလေးကနေ ထီးချိုင့်ကို တက်မယ့်ကားတွေ ပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာ တိုက်ပွဲတွေ ရပ်နားသွားတာကြောင့် အောက်တိုဘာ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ လမ်းကြောပြန်ပွင့်တယ်လို့ ခရီးသွားတွေက MFP ကို ပြောပါတယ်။

“မနေ့က ပိတ်မိနေတဲ့ အတက်ကားတွေကတော့ ဒီကနေ့ မနက်အစောကြီးမှာ လမ်းပွင့်သွားလို့ ဇက်ဆိပ်တွေအထိ ရောက်နေကြပါပြီ” လို့ ခရီးသွားယာဉ်မောင်းတစ်ဦးကလည်း ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ထိမ်းချုပ်စိုးမိုးထားခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ စစ်အုပ်စုက ပြန်လည်သိမ်းယူ ထိမ်းချုပ်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စု ပြန်သိမ်းထားတဲ့ မန္တလေးတိုင်းမြောက်ဘက်က မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်တွေမှာ တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကြားတိုက်ပွဲတချို့ ပြန်လည် စတင်နေတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း မန္တလေး – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ရေးနဲ့ လမ်းပေါ် ဂိတ်ဖွင့်နိုင်ရေး လေကြောင်းအားကိုးနဲ့ စစ်ကြောင်းတွေ ထိုးနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #တကောင်းမြို့ #သပိတ်ကျင်း ​ #​ထီးချိုင့်

Related Articles

Back to top button