ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ မိနစ် ၂၀ ကြာ ဖုန်းပြောခဲ့တယ်လို့ စစ်အုပ်စုထုတ်ပြန်

MFP/Phoenix၊ အောက်တိုဘာ ၂၂
စစ်အုပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်တို့ဟာ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာမှာ မိနစ် ၂၀ ကြာ ပထမဆုံးအကြိမ် ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်လိုက်ပါတယ်။
လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေတဆင့် ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နေ့ နှစ်နာရီခွဲကနေ နှစ်နာရီမိနစ်ငါးဆယ် အထိ တယ်လီဖုန်းနဲ့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
သားအမိနှစ်ယောက် မိနစ် ၂၀ကြာ ဖုန်းနဲ့ပြောဆိုရာမှာ ဘာတွေပြောဆိုသွားတယ်ဆိုတာကိုတော့ စစ်အုပ်စုဘက်က ထုတ်ပြန်တာ မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်းကလည်း အခုလို ဆက်သွယ်ခွင့်ရတာကို သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။”လို့ ကင်မ်က ရေးသားထားတာပါ။
မိခင်ဖြစ်သူနဲ့ သူ့ဘက်က ရပ်တည်အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အားလုံးရဲ့ တောင်းဆိုသံတွေကြောင့် အခုလို စကားပြောခွင့်ရခဲ့တာလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။
ဒါပေမဲ့ တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာကလည်း လွတ်မြောက်ခြင်း မဟုတ်ဘူးလို့ ကင်မ်အဲရစ်က ထောက်ပြထားပါတယ်။
အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး သူ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းကာ သံတမန်ရေးအသိအမှတ်ပြုမှု ရရှိရေး၊ ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။
အခုလို ဆက်သွယ်ခွင့်ရတာဟာ လွတ်မြောက်ခြင်းမဟုတ်တဲ့အတွက် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဗြိတိန်အစိုးရနဲ့ စစ်အာဏာပိုင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးအနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ကြဖို့ကိုလည်း သူက မေတ္တာရပ်ခံထားပါတယ်။
“မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး” လို့ ကင်မ်အဲရစ်က ရေးသားထားပါတယ်။
ကင်မ်အဲရစ်ရဲ့ စာထဲမှာ မိခင်ဖြစ်သူနဲ့ ဘာတွေ ပြောဆိုခဲ့တယ်ဆိုတာကိုတော့ ရေးသားထားတာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဟာ မိခင်အသက်ရှင်နေသေးကြောင်း သီးခြားအတည်ပြုနိုင်ဖို့နဲ့ ပြန်လွှတ်ပေးဖို့အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့တာဖြစ်ပြီး Proof of Life လှုပ်ရှားမှု၊ Free Her လှုပ်ရှားမှုတွေကို ပြည်သူလူထုနဲ့အတူ နိုင်ငံတကာကို ဆက်လက် တောင်းဆိုနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်မှာ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးနဲ့ တွေ့ဆုံခွင့်ပေးခဲ့ကြောင်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာလည်း ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားလ်စ်ဘုရင် ပေးပို့တဲ့ စာအုပ်နှစ်အုပ်နဲ့ အိတ်ပိတ်စာအိတ်နှစ်အိတ်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အမှု ၁၉ ခုနဲ့ အမှုဆင်တရားစွဲခံရကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ စစ်အုပ်စုထုတ်ပြန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သားအမိ ဖုန်းပြောနေတဲ့ပုံ/ဓာတ်ပုံ -စစ်အုပ်စု



