စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အင်းတော်မှာ စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်ရာ အထိနာ အသေများပြီး စစ်ကြောင်းပျက်ဟုဆို၊

စစ်အုပ်စု ၁၀၀ ခန့် အလံဖြူထောင် လက်နက်ချ၊

အထိနာလို့ တိုက်လေယာဉ် အစီးရေ ဆယ်ချီနဲ့ ဗုံးပတ်ကြဲ၊

ခါးခါး/MFP၊ အောက်တိုဘာ – ၂၆

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ နောက်ချန် စစ်ကြောင်းတစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု စစ်ကြောင်းပျက်သလို ရာနဲ့ချီ အလံဖြူထောင် လက်နက်ချတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၂၆ရက် ဒီနေ့မှာ အင်းတော်နဲ့ ထီးချိုင့်မြို့ကြား၊ အင်းတော်နယ်၊ မဲဇာရွာရဲ့ အောက်ဘက်၊ လယ်ပြင်နဲ့ ပိန်းအင်းရွာတွေဘက်ရှိ နောက်ချန် စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက် ချေမှုန်းသုတ်သင်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက (အင်းတော်နယ်) နေရာတိုင်း ဖြစ်တယ်၊ လယ်ပြင်သီစစ်ကြောင်း တစ်ကြောင်းကတော့ ပျက်သွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု ၁၀၀ခန့် အလံဖြူထောင် လက်နက်ချတယ်လို့လည်း ဆိုပါတယ်။

“အောက်လယ်ပြင်မှာ ဒီနေ့ အလင်းဝင်တာ ၁၀၀ ရှိတယ်။ စစ်တပ်က အလံဖြူထောင်ဝင်တာ ” လို့ အင်းတော်နယ်ခံ သတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်နယ် ပိန်အင်း၊ လယ်ပြင်နဲ့ ကျောင်းကုန်းရွာတွေဘက်ရှိ အဲ့ဒီ နောက်ချန် စစ်အုပ်စုကို တိုက်ခိုက် သုတ်သင်တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ အထူးလှုပ်ရှားတပ်မ (ပြည်သူကာကွယ်ရေးတပ်မတော် -မန္တလေး) – MDY-PDF၊ အမှတ်(၉၉)နည်းဗျူဟာ/ မတ္တရာမျိုးမှန် ဗျူဟာတပ်ဖွဲ့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“၉၉ (အမှတ်(၉၉)နည်းဗျူဟာ)နဲ့ အတွေ့မှာ ရန်သူ့ တပ်မ-၃၃ လည်း “တပ်မ-ပြုန်းပြုန်း” ဖြစ်သွားပြီ”လို့ အမှတ်(၉၉)နည်းဗျူဟာ/ မတ္တရာမျိုးမှန် ဗျူဟာတပ်ဖွဲ့က လူမှုကွန်ယက်မှာ ဖော်ပြထားပြီး အင်းတော်နယ် စစ်ဆင်ရေးအားလုံးနဲ့ ပတ်သက်ပြီး အထူးလှုပ်ရှားတပ်မ – MDY PDF က သတင်း ထုတ်ပြန်ဖို့ရှိတယ်လို့ MFP ကို ပြောပါတယ်။

စစ်အုပ်စု ပိတ်ဆို့တိုက်ခိုက် သုတ်သင်ခံနေရချိန် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပိန်အင်း၊ လယ်ပြင်နဲ့ ကျောင်းကုန်းရွာတွေ အပါအဝင် အင်းတော်နယ်ကို အဆက်မပြတ် ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ မြေဩဇာ အပုံလိုက်ဖြစ်သွားလို့ အင်းတော်ကို လေယာဉ် ၁၇ စီးလောက်နဲ့ ပတ်ကြဲနေတာ။ ပြည်သူတွေနဲ့ ရဲဘော်တွေ ဘေးကင်းကြပါစေ”လို့ ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ Indaw Revolution IR က ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာနဲ့ စစ်အုပ်စုက ဗုံးပတ်ကြဲနေတာကြောင့် ထီးချိုင့် – အင်းတော် ကားလမ်းတလျှောက် အပါအဝင် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတစ်ပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်နေကြရပါတယ်။ ရွာထဲ၀င်မရသေးပါ။ တောတွေတောင်တွေထဲ နေကြရတာပါ။ လက်နက်ကြီး၊ ဒုန်းနဲ့ ဂျက်ဖိုက်တာတွေကြောင့် အိမ်တွေ အများကြီး ပျက်စီးသွားပါတယ်။ နေ့တိုင်း ပတ်ကြဲနေတာပါ၊ Y12၊ Y8 (လေယာဉ်)၊ ဂျက်ဖိုက်တာ နေ့စဉ်ကြဲနေတာပါရှင်။ ပြည်သူတွေ ဒုက္ခအများကြီး ရောက်နေကြတာပါ။ ဘယ်ရွာမှ ကူးမရလို့ပါ။ အခု တောထဲတောင်ထဲမှာ ပါလာတဲ့ စားရိတ်လေးနဲ့ တောင့်ခံနေရတာပါရှင်။ လုပ်စားလို့လည်း ဘာမှမရပါဘူး။ ရှိတာတွေလည်း သူခိုးခိုးခံကြရတဲ့အတွက်။ တစ်ရွာလုံးရဲ့ ဆုံးရှုံးမှုနဲ့ ထိခိုက်နှစ်နာမှုက တစ်ရွာလုံး ခံကြရတော့ ပြောမပြတတ်အောင်ပါရှင်” လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ အင်းတော်နယ်၊ နမ်းခမ်းရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပြီးခဲ့တဲ့ စက်တင်လာလကုန်ပိုင်းအတွင်း ပေါ်တာဆွဲ စစ်သားသစ်တွေကို မန္တလေးကတဆင့် သပိတ်ကျင်း – ထီးချိုင့် ကားလမ်းအတိုင်း ထီးချိုင့်နဲ့ အင်းတော်ဘက် ပို့လွှတ်ပြီးနောက် အောက်တိုဘာ ၆ရက်က စလို့ အင်းတော်မြို့က နေမဲဇာကျေးရွာကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မဲဇာကျေးရွာကို ယာယီထိမ်းချုပ်ပြီးတော့ မဲဇာကျေးရွာကတဆင့် ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေဘက် ဦးတည်ကာ စစ်ကြောင်းတွေ ထပ်မံဖြန့်ခွဲ စစ်ကြောင်းထိုး နေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မဲဇာကျေးရွာအောက်ဘက်မှာရှိတဲ့ မအူကုန်းရွာဘက်မှာ တစ်ကြောင်း၊ မဲဇာနဲ့ ဝန်သိုမြို့အကြား ဆတိုင်တောနဲ့ ကံကုန်း ကျေးရွာတွေဘက်မှာ တစ်ကြောင်း ရှိနေပြီး အင်းတော် – ထီးချိုင့် နဲ့ ကသာ ကားလမ်းတလျှောက်နဲ့ ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာတွေဘက်မှာ စစ်ကြောင်းတွေ လှုပ်ရှားတပ်ဖြန့်ထားတာတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်-ကသာ-အင်းတော်-ဝန်းသို မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ်နိုင်ရေး၊ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းကို စိုးမိုးထိန်းချုပ်ပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်အုပ်စု အနေနဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဗျူဟားလမ်းပေါ်ရျိ မြို့ရွာတွေကို ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ ကချင်ပြည်ဘက် စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။

“ဒီလမ်းက ရှမ်းမြောက်နဲ့ ကချင်လမ်းကြောင်း ဖြတ်ချင်လို့လည်း ဖြစ်နိုင်တယ်။ ကချင်ဘက်ကို သူတို့ လက်နက်၊ ရိက္ခာ ကုန်းကြောင်းကနေ ပို့နိုင်ဖို့လည်း ဖြစ်နိုင်တယ်”

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် ​ #​ဝန်းသိုမဲဇာ

Related Articles

Back to top button