မုံရွာ-ချောင်းဦး သီတင်းကျွတ်ည ဆီမီးသပိတ်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်မှု အောက်မေ့ဖွယ်အချိန် အဖြစ် သတ်မှတ်၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ ယမန်နှစ် သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းသပိတ် ကျင်းပနေချိန် အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံ ၂၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီတင်းကျွတ်လပြည့်ည ၇ နာရီ ၁၃ မိနစ်ကနေ ၁၄ မိနစ်အထိ တစ်မိနစ်တာကို ဝမ်းနည်းအောက်မေ့ခြင်း အချိန်အဖြစ် သတ်မှတ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု က ထုတ်ပြန်ပါတယ်။
“ဘုံတိုကျေးရွာ ဆီမီးသပိတ်တွင် ကျဆုံးခဲ့ကြသော လူထုလှုပ်ရှားမှု ဦးဆောင်သူများနှင့် ပြည်သူလူထုကို လေးစားစွာ အောက်မေ့ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီ ၁၃ မိနစ်မှ ၇ နာရီ ၁၄ မိနစ်အထိ တစ်မိနစ်တာကို ဝမ်းနည်းအောက်မေ့ခြင်း အချိန်အဖြစ် ကျွန်ုပ်တို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု က ဂုဏ်ယူစွာ သတ်မှတ်လိုက်ပါသည်။ ကျဆုံးခဲ့ကြသော လူထုလှုပ်ရှားမှု ဦးဆောင်သူများနှင့် ပြည်သူများအားလုံးကို လေးစားစွာ ဦးညွတ်အောက်မေ့ပါသည်။ ကျန်ရစ်သူ မိသားစုများနှင့် နာကျင်မှုကို မျှဝေခံစားနေရသော ရဲဘော်ရဲဘက်အပေါင်း အားလုံး စိတ်ခွန်အား ရရှိကြပါစေ။ “ဆီမီးတစ်ပွင့် လောင်စာကုန်ခမ်းချိန် ငြိမ်းသွားနိုင်သော်လည်း သူရဲကောင်းတို့ ဂုဏ်အလင်းသည် အစဥ်အမြဲ ထွန်းလင်းတောက်ပနေလိမ့်မည်” လို့ စစ်ကိုင်းဒေသ သပိတ်အင်အားစုက ဖော်ပြပါတယ်။

၂၀၂၅ သီတင်းကျွတ်လပြည့်ညက မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်၊ ဘုံတိုရွာမှာ ဒေသခံ သပိတ်အင်အားစုတွေ ဦးဆောင်ပြီး သီတင်းကျွတ် ဆီမီးထွန်းပွဲ ကျင်းပနေချိန် မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခကနေ ပျံတက်လာတဲ့ စက်တပ်လေထီး (Paramotor)နဲ့ လူအုပ်ထဲ ဗုံးကြဲသတ်ဖြတ်ရာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၂၄ ဦး အသက်ဆုံးရှုံးကာ ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဗုံးထိမှန်လို့ သေဆုံးသူတွေထဲ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီက ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင်၊ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတက ရဲဘော် ကိုကျော်ဇင်ဦး (ခ) ကိုကုလား တို့လည်း ပါဝင်ခဲ့ပါတယ်။


သီတင်းကျွတ်ဆီမီးသပိတ် ဗုံးကြဲသတ်ဖြတ်မှု အပါအဝင် အာဏာသိမ်းပြီးနောက် လက်နက်အားကိုးနဲ့ ပြည်သူကို မတရားဖမ်းဆီးတာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေအတွင်း ညှဉ်းပမ်းနှိပ်စက်တာ၊ စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူကို ရက်စက်စွာ သတ်ဖြတ်တာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦးတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ၊ အဓမ္မ စစ်မှုထမ်းခိုင်းတာနဲ့ စစ်ရာဇဝတ်မှု မျိုးစုံကို ဆက်လက် ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားကာ ပြည်သူလူထု တရပ်လုံး မျှော်မှန်းတဲ့ လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြုတဲ့၊ တန်းတူညီမျှပြီး လွတ်လပ်တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားမယ်လို့ သစ္စာပြုအပ်ပါကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB ကလည်း ထုတ်ပြန်ထားပါတယ်။


ဓာတ်ပုံ – စစ်ကိုင်းဒေသ သပိတ်အင်အားစု၊ GSCB
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #သီတင်းကျွတ်ညဆီးမီးသပိတ် #မုံရွာ #ချောင်းဦးဘုံတိုရွာ



