
ဝင်းသိန်း၊ Phoenix/MFP၊ နိုဝင်ဘာ – ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ မြို့ပေါ်ခိုအောင်းနေပြီး ပြည်သူပိုင် လျှပ်စစ် ကေဘယ်လ်ကြိုးတွေ လိုက်လံ ဖြတ်တောက်ခိုးယူ ပြန်လည်ရောင်းစားနေတဲ့ စစ်အုပ်စု ရဲတစ်ယောက် ကို ဖမ်းမိတယ်လို့ ဒေသခံ တော်လှန်ရေးတပ် Budalin Mobile Team-BMT က ထုတ်ပြန်ပါတယ်။
ဘုတလင်မြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေဟာ မြို့ပေါ်ကနေ ကျေးရွာတွေဘက် သွယ်တန်းထားတဲ့ လျှပ်စစ်ကေဘယ်ကြိုးတွေ လိုက်လံခိုးယူကာ ရောင်းစားနေကြောင်း သတင်းအရ နိုဝင်ဘာ ၆ရက်မှာ တော်လှန်ရေးရဲဘော်တချို့ မြို့ပေါ်အထိ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဘုတလင်မြို့အနီး ဗန္ဓုလတိုးချဲ့ကွက်သစ်ထဲ လျှပ်စစ်မီးကြိုး ခိုးယူနေတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို တော်လှန်ရေး ရဲဘော်တွေက ဝင်ရောက်ဖမ်းဆီးရာ ရဲတပ်သားအဆင့် ဖြိုးမင်းဇော်ဆိုသူကို ဖမ်းမိပြီး နောက်ထပ် ရဲတပ်သားအဆင့် သီဟ ဆိုသူကတော့ ထွက်ပြေးတယ်လို့ BMT က ဖော်ပြပါတယ်။
ဘုတလင်မြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း လျှပ်စစ်ကေဘယ်ကြိုး အပါအဝင် ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူရောင်းစားတာ၊ ဘုတလင်မြို့ပေါ်ရှိ လူမနေတဲ့ နေအိမ်တွေကို ဖောက်ထွင်းလုယက်ကာ တန်ဘိုးရှိပစ္စည်းမှန်သမျှ ခိုးယူရောင်းစားတာ၊ ဘုတလင်မြို့ လမ်းဆုံလမ်းခွတွေမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲ ငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့ဟာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင် ၂၀ သာ ကွာဝေးပေမယ့် စစ်အုပ်စု အနေနဲ့ မြို့ပေါ်မှာသာ ခိုအောင်းနေနိုင်ပြီး ကျေးရွာတွေနဲ့ လမ်းပိုင်းတွေကို တော်လှန်ရေး တပ်တွေက စိုးမိုးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘုတလင်မြို့မှာ လျှပ်စစ်မီးကြိုး လိုက်လံ ခိုးယူနေတဲ့ စစ်အုပ်စု ရဲတစ်ယောက်ကို ဖမ်းမိစဉ်/Photo – BMT



